Search Results For: ချန်ပီယံလိဂ်

ချန်ပီယံလိဂ်တွင် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ပြန်လည်ရင်ဆိုင်ရမည်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေ မဲခွဲပွဲကို မနေ့က ကျင်းပခဲ့ရာမှာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။  ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။  ၂၀၁၇ ခုနှစ်က ပထမအကျော့မှာ ဘာစီလိုနာက ပီအက်စ်ဂျီကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ခဲ့ဖူးပါတယ်။  လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က အီတလီကလပ် လာဇီယိုနဲ့ တွေ့ဆုံခဲ့ပြီး လီဗာပူးနဲ့ လိုက်ဇစ်တို့ တွေ့ဆုံခဲ့ပါတယ်။  ဒါ့အပြင်  ရီးရဲလ်မက်ဒရစ်နဲ့ အက်တလန္တာ၊ အက်သလက်တီကိုနဲ့ ချဲလ်ဆီးတို့ တွေ့ဆုံခဲ့ပါတယ်။  မန်စီးတီးက မိုချန်ဂလာဘက်၊ အီတလီချန်ပီယံ ဂျူဗင်တပ်စ်က ပေါ်တိုအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။  ပထမအကျော့ပွဲစဉ်တွေကို လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
6 months Ago

အသင်း ၂ သင်းတွင် ချန်ပီယံလိဂ်ဂိုး ၂၀ ကျော်သွင်းသည့် ကစားသမားအဖြစ်‌ နေမာ မှတ်တမ်းဝင်

တိုက်စစ်မှူးနေမာဟာ မတူညီတဲ့ကလပ်အသင်း ၂ သင်းမှာ  ချန်ပီယံလိဂ်သွင်းဂိုး ၂၀ နဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။  ဒီမနက်အစောပိုင်းက တူရကီကလပ် ဘာဆက်ဆီဟာနဲ့ကန်တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ  ဟတ်ထရစ် ၃ ဂိုးသွင်းယူခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီအတွက်  ချန်ပီယံလိဂ် သွင်းဂိုး ၂၀ ပြည့်မြောက် သွားခဲ့ တာပါ။ ဘာစီလိုနာအသင်းမှာကစားစဉ်ကလည်း ဥရောပချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုးရှိခဲ့တာကြောင့်  မတူညီတဲ့ ကလပ်အသင်း ၂ သင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၂၀နဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတာပါ။  နေမာဟာ ဘာဆက်ဆီဟာနဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရပြီးနောက် ပင်နယ်တီရရှိခဲ့ပေမဲ့လည်း အသင်းဖော် တိုက်စစ်မှူး အမ်ဘာပေကို သွင်းယူစေခဲ့ပါတယ်။  အဲဒီနောက် ပွဲချိန် မိနစ် ၅၀ မှာ ဟတ်ထရစ်ရစေမယ့် ၃ ဂိုး မြောက်ဂိုးသွင်းယူခဲ့ တာဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ တူရကီကလပ် အစ္စတန်ဘူလ် ဘာဆတ်ကီဟာကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အုပ်စု H မှာ အုပ်စုပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 
6 months Ago

ချန်ပီယံလိဂ်တွင် ဒိုင်နှင့် VAR ၏ မျက်နှာသာပေးမှုမရခဲ့ဟု အင်တာနည်းပြ ကွန်တီဝေဖန်

ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဒိုင်လူကြီးနဲ့ VAR ရဲ့ မျက်နှာသာ မရခဲ့ကြောင်း အင်တာမီလန်နည်းပြ ကွန်တီကပြောပါတယ်။ အင်တာမီလန်အသင်းဟာ ရှက်တာဒိုးနက်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာပါ။  အုပ်စုတွင်း၆ ပွဲ ကစားခဲ့ရာမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ၃ပွဲ သရေ ၂ ပွဲရှုံးရလဒ်နဲ့ အုပ်စုအောက်ဆုံးမှာသာရပ်တည် နိုင်ခဲ့တာပါ။  ရှက်တာဒိုးနက်နဲ့ သရေပွဲအပြီးမှာတော့ ဒိုင်လူကြီးနဲ့ VAR စနစ်ကို နည်းပြကွန်တီက ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးကိုကြည့်မယ်ဆိုရင် အင်တာမီလန်အသင်းက ဒိုင်လူကြီးတွေနဲ့ VAR စနစ်တွေနဲ့ ကံမကောင်းခဲ့ဘဲ ဒိုင်လူကြီးတွေရဲ့  လေးစားမှုမခံရ တဲ့အသင်းဖြစ်ခဲ့တယ်လို့ နည်းပြကွန်တီကဝေဖန်ခဲ့ပါတယ်။ အငြင်းပွားစရာအခြေအတွေမှာ ပြန်လည် ကြည့်ရှူတာမျိုးနဲ့ ပြန် လည်စစ်ဆေးတာမျိုး မလုပ်ဆောင်ခဲ့ကြောင်း ဒိုင်လူကြီးတွေနဲ့ VAR စနစ်ကို ကွန်တီကဝေဖန်ခဲ့ပါတယ်။ 
6 months Ago

ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်ဆုဖလားကို ကာကွယ်နိုင်လိမ့်မည်ဟူ ဖာဒီနန် သုံးသပ်

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကပဲ ချန်ပီယံဆုဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ ဖာဒီနန်ကသုံး သပ်ပါတယ်။  BT Sports ကနေ သုံးသပ်ရာမှာ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ဘိုင်ယန်မြူးနစ်အသင်းကို နံပါတစ်နေရာမှာထားခဲ့ပြီး လစ်ဗာပူးအသင်းကို ဒုတိယရေပန်းအစားဆုံး အသင်းအဖြစ် သတ်မှတ်ပါတယ်။  အခုနှစ်ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးတို့နောက်တစ်ဆင့်တက်ခဲ့ပေမယ့် မန်ယူအသင်းက အုပ်စုအဆင့်နဲ့ကျေနပ်ခဲ့ရတာက စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့လည်း မန်ယူကစားသမားဟောင်း ဖာဒီနန်က ပြောပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းသာ ဒဏ်ရာကြီးကြီးမားမား မရှိခဲ့ရင် သူတို့ပဲ ချန်ပီယံဆုကိုကာကွယ်မှာဖြစ်ပြီး အင်္ဂလန်အသင်းတွေနဲ့ ပီအက်စ်ဂျီတို့က စိန်ခေါ်နိုင်တဲ့အ သင်းတွေဖြစ်တယ်လို့ ဖာဒီနန်ကပြောပါတယ်။ ချဲလ်ဆီးအသင်းကိုလည်း စောင့်ကြည့်ရနိုင်ပြီး နည်းပြလမ်းပတ်က အကောင်းဆုံး စွမ်းဆောင် ပြထားတယ်လို့ ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ 
6 months Ago

ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ ထိပ်တိုက်ပြန်ဆုံ

ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ တွေ့ဆုံမယ့် ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ ပြန်လည်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။  ပထမအကျော့ပွဲစဉ်တုန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုကြောင့် မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်မတွေ့ခဲ့ရတာပါ။ ဒီဇင်ဘာ ၈ ရက်နေ့ ဂျူဗင်တပ်စ်အသင်းက ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ နှစ်သင်းစလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် အုပ်စု ပထမနေရာအတွက်တော့ ဂျူဗင်တပ်စ်အသင်းက ၃ ဂိုးပြတ် အနိုင်ရမှ ဖြစ်မှာပါ။ ဒီပွဲစဉ်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပထမဆုံးအကြိမ် ကွင်းထဲမှာ ပြန်လည်ဆုံတွေ့မယ့်ပွဲ ဖြစ်ပါတယ်။  ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိစဉ်က မက်ဆီနဲ့ ပြိုင်ဘက်တွေအဖြစ် နှစ်စဉ် ရင်ဆိုင်ခဲ့ရဖူးပေမယ့် ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာတော့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
6 months Ago

ချန်ပီယံလိဂ်အုပ်စုကျော်ဖြတ်နိုင်မှု ဒါဘီပွဲကို သက်ရောက်မှု မရှိဟု ဂွါဒီယိုလာ ပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို စောစောစီးစီးကျော်ဖြတ်ထားနိုင်ခြင်းက နောက်တစ်ပတ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက် အားသာချက်ဖြစ်စေတယ်လို့ ပြောစကားကို မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပယ်ချခဲ့ပါတယ်။  မန်စီတီးအသင်းဟာ အုပ်စုပွဲစဉ်တစ်ပွဲကျန်တဲ့ အချိန်မှာတင် ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး နောက်လာမယ့် မာဆေးလ်နဲ့ပွဲက သူတို့အတွက် သိပ်အရေးမကြီးတော့ဘူးလို့ သတ်မှတ်ရပါမယ်။  မန်စီတီးက ဒီပွဲမှာ အဓိကကစားသမားတွေကို အနားပေးနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အုပ်စုတက်ဖို့ ဂျာမနီမြေမှာ လိုက်ပစ်ဇ်အသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  ဒီလိုမျိုး သီတင်းပတ်လည်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အနေအထားက စနေနေ့ မန်ချက်စတာဒါဘီပွဲအတွက် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ယူဆချက်တချို့ ထွက်ပေါ်နေပေမဲ့ ဂွါဒီယိုကတော့ ဒါကို လက်မခံပါဘူး။  ဒါဘီပွဲစဉ်တွေရဲ့ သဘာဝအတိုင်း ဘယ်အသင်းမှာမှ အားသာချက်ဆိုတာ ရှိမနေဘူးလို့လည်း ပြောပါတယ်။  “ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေဟာ ပင်ပန်းနေကြမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဆန့်ကျင်ဘက်အဖြစ် ရေကုန်ရေခမ်းယှဉ်ပြိုင်ကြမှာပါ။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ အာရုံစူးစိုက်မှုရှိရမှာပါ” လို့ မန်စီတီးနည်းပြက  ပြောပါတယ်။  မန်စီတီးအသင်းရဲ့ တိုးတက်ပြောင်းလဲလာပုံကိုလည်း နည်းပြက ကျေနပ်နေပြီး သူ့ အသင်းဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။  “ကျနော်တို့ တစ်လကျော်ကထက်ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံမှန်ပါပဲ။ ကြိုတင်ပြင်ဆင်မှု၊ အချိန်ယူမှုမရှိဘူးဆိုရင် ဒါဟာဖြစ်လာနိုင်တာပါပဲ။ ဒါကို ဆက်လက် လုပ်ဆောင်သွားရပါမယ်။”  မန်စီတီးအသင်းကို ဂွါဒီယိုလာ ရောက်လာပြီးချိန်ကတည်းက အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ 
6 months Ago

တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်ပွဲ ဒမ်ဘီလီလွဲချော် ဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအ အဖြစ်ပါဝင်ခဲ့ပါတယ်။  သူဟာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်နေချိန် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး အသင်း ချေပဂိုးရရှိရေးအတွက် ဖိအားပေးရာမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်နဲ့ ပွဲမှာ ဒဏ်ရာမရဘဲ ပွဲပြီးတဲ့အထိကစားနိုင်ခဲ့ပေမဲ့ ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေတယ်လို့ ပွဲအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် နူးကမ့်ကွင်းမှာ ကန်မယ့် ဂျူဗင်တပ်စ်အသင်းနဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။  ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း စစ်ဆေးမှုတွေအရ ပထမအသင်းကစားသမား အူစမန်ဒမ်ဘီလီမှာ တံကောက်ကြောဒဏ်ရာ ရရှိထားတာတွေ့ရပါတယ်။  ဒါ့ကြောင့် သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မလုပ်ဖို့ ဒါမှမဟုတ် သူ့ဒဏ်ရာ အခြေနေပေါ်မူတည်ပြီး သူကစားနိုင်ခြင်း ရှိ၊မရှိဆုံးဖြတ်ရမယ်လို့ ဘာကာအသင်း ဘက်က  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၁၇ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။  အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဒုတိပိုင်းတစ်ပိုင်းလုံးကိုလည်း လွဲချော်ခဲ့ရပါတယ်။  အခုရာသီ မတိုင်ခင်ဒဏ်ရာကနေ ပြန်လည်သက်သာလာတာဖြစ်ပြီး ဘာကာအသင်းအတွက် ရာသီအသစ်မှာ ၁၂ ပွဲ ပွဲထွက်ကစားထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စု G မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာ သွားခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့ဂျူဗင်တပ်စ်နဲ့ပွဲမှာ အုပ်စုဗိုလ်နေရာရရှိနေရးအတွက် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။
6 months Ago

ချန်ပီယံလိဂ်အုပ်စုအဆင့်တက်ရေး အခွင့်အရေးရှိဆဲဟု မန်ယူနည်းပြဆိုးလ်ရှားပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိနေ သေးတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားကပြောပါတယ်။  မန်ယူအသင်းဟာ ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၃ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။  လက်ရှိအုပ်စု ရပ်တည်မှုအရ မန်ယူ၊ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တ ၃ သင်းစလုံး ရမှတ် ၉ မှတ်စီတူညီသွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတဲ့ မန်ယူက အဆင့်တစ်နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။  အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းက လိုက်ဇစ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနည်းဆုံးသရေ တစ်မှတ်ရ ယူနိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။  နည်းပြ ဆိုးလ်ရှားကလည်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိ နေသေးသလို ခြေစွမ်းတိုးတက်လာနိုင်သေးတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒုတိယပိုင်းမိနစ် ၇၀ မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး  ပထမပိုင်းကတည်းက ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ အထုတ်မခံခဲ့ရတာက ကံကောင်းခဲ့ တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  ဖရဒ်အနီကတ်ပြခံခဲ့ရတဲ့ ဟာရဲယားကို ဖျက်ထုတ်မှုကတော့ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့အခြေအနေဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။ 
6 months Ago

ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး မှတ်တမ်းကို ဟာလန်း ကျော်ဖြတ်နိုင်မည်ဟု ဆိုးလ်ရှား ခန့်မှန်း

တိုက်စစ်မှူးဟာလန်းက မိမိရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး နော်ဝေ ကစားသမား မှတ်တမ်းကို ချိုးဖျက်နိုင်မှာ သေချာတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားဟာ နော်ဝေ ကစားသမားတစ်ဦးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ နဲ့ ဂိုးအများဆုံး သွင်းယူထားတာပါ။  ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ချန်ပီယံလိဂ်သွင်းဂိုး ၁၆ ဂိုးသွင်းထားပြီး ဆိုးလ်ရှားရဲ့ သွင်းဂိုး ၂၀ မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေတာပါ။  ပီအက်စ်ဂျီနဲ့ မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ခြေစွမ်းပြနေတဲ့ ဟာလန်းအပေါ် နည်းပြဆိုးလ်ရှားက ဂုဏ်ယူကြောင်း ပြောခဲ့ပြီး သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်မှာ သေချာကြောင်း သုံးသပ်ခဲ့တာပါ။  ဟာလန်းက သူ့ရဲ့ ကစားသမားဘဝ အစကတည်းက ခမ်းနားတဲ့ခြေစွမ်းနဲ့ စတင်နိုင်ခဲ့ပြီး မိုလ်ဒီမှာကတည်းက ဟာလန်းနဲ့အတူ တသင်းတည်းမှာ ရှိခဲ့သလို သူ့ရဲ့ အလားအလားကောင်းတွေကို မြင်ခဲ့ရတာက ဂုဏ်ယူစရာ ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဟာလန်းဟာ ၁၄ ဂိုးစီ သွင်းထားတဲ့ ဘရာဇီးတိုက်စစ်မှူး ရိုနာဒို၊ ဒေးဗစ်ဗီလာ၊ ကလိုဆေး တို့ရဲ့ ချန်ပီယံလိဂ်သွင်း ဂိုးမှတ်တမ်းတွေကို ကျော်ဖြတ်ခဲ့သလို ဇီဒန်းရဲ့ သွင်းဂိုးမှတ်တမ်းကိုလည်း လိုက်မီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
6 months Ago

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပက်ဂွါဒီယိုလာ ပြော

ဒီမနက်အစောပိုင်း ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက  ပေါ်တိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး ၁၆ သင်း အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီပွဲ သရေရလဒ်ကြောင့် မန်စီးတီးဟာ အုပ်စု C ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိနေပြီး တပွဲကန်ဖို့ ကျန်နေတဲ့အချိန်မှာ နောက်တဆင့်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။  ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက် ဘယ်အသင်းမှာမှ အာမခံချက် မရှိဘူးလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကပွဲအပြီးမှာ ပြောပါတယ်။  ဒါပေမဲ့ ဥရောပအင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်၊ အက်သလက်တီကို၊ အင်တာမီလန်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ လိုက်ပစ်ဇ်အသင်းတို့ဟာ အုပ်စုအဆင့်ကနေ ထွက်ခွာရဖွယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူဘူးလို့ ပြောပါတယ်။ “အုပ်စုအဆင့်ကနေ တက်ရောက်ဖို့ဆိုတာ ဘယ်လောက်အရေးပါပြီး နောက်တဆင့် ရောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဟာ လုံးဝ လွယ်ကူမှုမရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက် အိပ်ပျော်သွားမယ် ဆိုရင် အခြေအနေတွေအားလုံးက ရှုပ်ထွေးကုန်တော့တာပါပဲ။ ဒီနေ့ကတော့ ပျော်စရာကောင်းတဲ့ နေ့ ဖြစ်ပြီးတော့ ချန်ပီယံလိဂ်ကို ဖေဖော်ဝါရီလအထိ မေ့ထားလို့ရပါပြီ။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်သွားပါမယ်” လို့ ပက်က ပြောပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ မာဆေးလ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်ချက်စတာဒါဘီ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်နိုင် ရှုံးရှုံး ထူးခြားမှုမရှိတော့ကြောင့် ဒီပွဲအတွက် ကစားသမားတွေကို အနားပေးနိုင်ပေမယ့် ပက်ကတော့ မာဆေးလ်အသင်းကိုလည်း အတောင့်တင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။  မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ ချန်ပီယံလိဂ် ၄ ပွဲမှာ clean sheets ရရှိခဲ့ပေမယ့် ပေါ်တူဂီမြေမှာတော့ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမှာ စတားလင်း၊ ရူဘင်ဒီယတ်၊ အဲရစ်ဂါစီယာတို့ဟာ ဂိုးရဖို့နီးစပ်ခဲ့ပြီး ဂျေဆုရဲ့ သွင်းဂိုး တဂိုးဟာလည်း VAR ကြာင့် ပယ်ဖျက်ခံခဲ့ရပါတယ်။  သွင်းဂိုးတွေ ရှားပါးနေမှုဟာ မန်စီးတီးအသင်း ဒီရာသီမှာ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပြီး ဂိုးမရှိ သရေရလဒ် ထပ်မံထွက်ပေါ်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ဝမ်းသာမိတယ်လို့ ပက်က ပြောပါတယ်။
6 months Ago

လူငယ်ကစားသမားတို့၏စံချိန်သစ်နှင့်အတူ ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်ကို လီဗာပူး တက်ရောက်

ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  လီဗာပူးက အေဂျက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး  ၁၆ သင်းအဆင့်ကိုလည်း တက်ရောက်သွားပါတယ်။  ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ဝီလီယမ်ရဲ့ ဖြတ်တင်ဘောကနေ ကာတစ်ဂျုံးက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပြီး လီဗာပူး လူငယ်ကစားသမား နီကိုးလ်ဝီလီယမ်နဲ့ ကာတစ်ဂျုံးတို့ဟာ အသင်းအတွက် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ သီယာဂိနဲ့ ဂျိမ်းစ်မီလ်နာတို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လူငယ် ၂ ဦးရဲ့ ပေါင်းစပ်မှုကြောင့် အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက် ၂ ဦးရဲ့ ပေါင်းစည်းမှုကြောင့် ချန်ပီယံလိဂ် အနိုင်ဂိုးရရှိခဲ့မှုဆိုတဲ့ မှတ်တမ်းကိုတော့ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကာတစ်ဂျုံးဟာလည်း ဥရောပပြိုင်ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်း ရရှိခဲ့ပါတယ်။ သူ့ရှေ့မှာတော့ ဒေးဗစ်အန်းဂေါ့နဲ့ အာနိုးလ်တို့က အသက်အငယ်ဆုံးတွေအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂျုံးအပြင် အလီဆန် နေရာမှာ ဝင်ကစားတဲ့ လူငယ်ဂိုးသမား ကယ်လ်လာဟယ်ဟာလည်း ပွဲဦးထွက်ချန်ပီယံလိဂ်ပွဲမှာ clean sheet ရရှိတဲ့ ဒုတိယမြောက် လီဗာပူး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။  အလီဆန်ဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီး ကယ်လ်လာဟယ်မတိုင်ခင် ခရစ္စကတ်လန်းက ၂၀၀၂ ခုနှစ်မှာ ဒီစံချိန်ကို ရရှိခဲ့ပါတယ်။ ဒီပွဲအနိုင်ရရှိခဲ့မှုကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု D မှ ၅ ပွဲ ကစားပြီး ၁၂ မှတ် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုကနေ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့် မဲခွဲဆုံးဖြတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ကာ ဒီအဆင့်မှာတင် အိမ်ပြန်ခဲ့ရပါတယ်။  လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်အသင်းကို လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
6 months Ago

ယူနိုက်တက်နှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းလိုက် ပိုကောင်းအောင်ကစားရန် နေမာ သတိပေး

လာမယ့်သီတင်းပတ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရလဒ်ကောင်းရယူလိုပါက ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီထက်ပိုကောင်းတဲ့ခြေစွမ်း ရှိရမယ်လို့ တိုက်စစ်မှူး နေမာက သတိပေးလိုက်ပါတယ်။  ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပီအက်စ်ဂျီအသင်းဟာ ထိပ်ဆုံးက ယူနိုက်တက်အသင်းနဲ့ ၃ မှတ် ကွာဟနေပြီး လိုက်ပစ်ဇ်အသင်းနဲ့ ရမှတ်တူ အနေအထားမှာ ရှိနေပါတယ်။  သောမတ်စ်တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ထားပြီး အဝေးကွင်းမှာ သရဲနီတို့ကို ရှုံးကြွေးပြန်ဆပ်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ စနေနေ့ ကစားခဲ့တဲ့ ဘော်ဒိုးအသင်းနဲ့ လီဂူးပွဲစဉ်မှာတော့ တဘက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပြီ အသင်းအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်းရလိုပါက ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြရမယ်လို့ နေမာက ပြောပါတယ်။  “ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါဟာ အဆုံးအဖြတ်တခု ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ လိုက်ပစ်ဇ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် ခြေစွမ်းကောင်းမွန်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓဟူးနေ့ ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံး ကြိုးစားရပါမယ်။ ဒါပေမဲ့ အသင်းအနေနဲ့ တချို့ကဏ္ဍတွေမှာ တိုးတက်မှုတွေ လိုအပ်နေပါတယ်။ အသင်းလိုက်ပိုပြီး စုစုစည်းစည်းရှိသင့်သလို အဲ့လိုမှမဟုတ်ရင် ခက်ခဲသွားပါလိမ့်မယ်” လို့ နေမာက ပြောပါတယ်။ ဘော်ဒိုးအသင်းနဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းဟာ ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကာ ဒုတိယပိုင်းမှာမှ ချေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။  လိဂ်ဂူးပွဲစဉ်မှာတောင် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ချန်ပီယံလိဂ်မှာလည်း အသင်းအတွက် ခက်ခဲမယ်လို့ နေမာက ထပ်မံ သတိပေးသွားခဲ့ပြီး မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနား ဂန္ထဝင်ကစားသမား ဒီယေဂိုမာရာဒိုနာနဲ့ ပတ်သက်လို့လည်း သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  “မာရာဒိုနာက ဘောလုံးအားကစားရဲ့အနုပညာရှင်တစ်ဦးပါ။ သူဟာ ဘောလုံးလောကအတွက် အရေးပါသူတစ်ဦးဖြစ်ပါတယ်။ သူဟာ အားကစားလောကအတွက် အများကြီး ကိုယ်စားပြုနိုင်သူဖြစ်ကာ သူ သေဆုံးမှုအတွက် လူပေါင်းများစွာက ငိုကြွေးနေပါတယ်” လို့ နေမာက ပြောပါတယ်။  လက်ရှိအချိန်မှာ နေမာရဲ့ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယနေရာက လိုင်လီအသင်းက ၃ မှတ်အကွာ တစ်ပွဲကျန်၊ တတိယနေရာက မာဆေးလ်အသင်းက ၄ မှတ်အကွာ ၂ ပွဲကျန်အနေအထားမှာ ရှိနေပါတယ်။
7 months Ago

နေမာ၏ ပထမဆုံး ချန်ပီယံလိဂ်ဂိုးဖြင့် ပီအက်စ်ဂျီအသင်း အုပ်စုတက်ရေး မျှော်လင့်ချက်ရှိလာ

ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့ အခုနှစ်ရာသီ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးနဲ့ လိုက်ဇစ်ကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အုပ်စုတက်ဖို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပါတယ်။ ဂျာမန်ကလပ် လိုက်ဇစ်ကို ပထမအကျော့ အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ပဲရစ်မြေမှာ ဒီမနက်အစောပိုင်း ကန်သွားတဲ့ပွဲစဉ်မှာ နေမာရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ လိုအပ်တဲ့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် လိုက်ဇစ်နဲ့ ရမှတ် ၆ မှတ်ချင်း တူညီသွားခဲ့ပြီး ပထမနေရာက မန်ယူအသင်းနဲ့ ၃ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လိုက်ဇစ်ကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပြနိုင်တာမျိုးမဟုတ်ဘဲ တပွဲလုံးမှာ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် ၂ ကြိမ်ပဲ ရှိခဲ့တာပါ။ လိုက်ဇစ်အသင်းက အခွင့်အရေးနဲ့ ဘောလုံးပိုင်ဆိုင်မှု ပိုအသာရခဲ့ပြီး ဂိုးသမား နာဗက်စ် လက်စွမ်းပြနိုင်ခဲ့လို့သာ ပီအက်စ်ဂျီအသင်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ အုပ်စုတက်ရေး အရေးပါတဲ့ ပွဲစဉ်အနေနဲ့ ဒီဇင်ဘာ ၃ ရက်မှာ မန်ယူအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
7 months Ago

မန်ယူက တူရကီကလပ်ကို (၄-၁) ဂိုးဖြင့်နိုင်၊ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်နိုင်ရန် ၁ မှတ်လို 

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ  တူရကီကလပ် အစ္စတန်ဘူ ဘာဆက်ဆီဟာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုတွင်း ပထမနေရာကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။  လက်ကျန် ၂ ပွဲ ကစားဖို့ ကျန်သေးချိန်မှာ ဒုတိယနေရာက ပီအက်စ်ဂျီနဲ့ လိုက်ဇစ် အသင်းတွေကို ၃ မှတ် ဖြတ်ဦးဆောင်နေပေမယ့် နောက်တဆင့်တက်ဖို့ အနည်းဆုံးရမှတ် ၁ မှတ်ရဖို့ လိုသေးတယ်လို့ ပွဲအပြီးမှာ မန်ယူနည်းပြဆိုးလ်ရှားက ပြောပါတယ်။ ရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ ရမှတ် ၁ မှတ်ကို ဒီဇင်ဘာ ၃ ရက်မှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ အိမ်ကွင်းပွဲစဉ်မှာ ရယူနိုင်ဖို့မျှော်လင့်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  နည်းပြဆိုးလ်ရှားဟာ ဘာဆက်ဆီဟာနဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးသွားခဲ့ပါတယ်။  လက်ရှိ ယူနိုက်တက်အသင်း ခြေစွမ်းက အကောင်းဆုံးပုံစံရရှိနေပြီး လာမယ့်ပွဲစဉ်တွေမှာလည်း ဆက်လက်ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုးလ်ရှားက ပြောပါတယ်။
7 months Ago

မန်ယူအသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်လွန်ရေး အနည်းဆုံး ၁၀ မှတ်ရရန် လိုအပ်နေ 

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့အတွက် အနည်းဆုံး ၁၀ မှတ် ရယူနိုင်ဖို့ လိုအပ်ကြောင်း မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ နိုဝင်ဘာ ၂၄ ရက်မှာ တူရကီကလပ် အစ္စတန်ဘူလ် ဘာဆက်ဆီဟာနဲ့ အိုးထရတ်ဖို့ဒ်မှာ ရင်ဆိုင်သွားရမှာပါ။ ပထမအကျော့ အဝေးကွင်းမှာတုန်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ နောက်တဆင့် တက်ဖို့အတွက် အနိုင် ၃ မှတ် ရယူဖို့ နည်းပြ ဆိုးလ်ရှားက မျှော်လင့်ထားတာပါ။  အဖွင့် ၂ ပွဲမှာ အနိုင်ရခဲ့ပေမယ့် အစ္စတန်ဘူလ်နဲ့ ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာက စိတ်ပျက်စရာ ကောင်းခဲ့ကြောင်း၊ ၁၀ မှတ်ရယူနိုင်ဖို့ လိုအပ်မှာဖြစ်ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။  အစ္စတန်ဘူလ်နဲ့ပွဲမှာ ဝက်စ်ဘရွန်းနဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ပေါ့ဘာ ပြန်လည် ပါဝင်လာနိုင်ပြီး တနင်္လာနေ့က လေ့ကျင့်ခန်းပြန်ဆင်းခဲ့တယ်လို့ နည်းပြ ဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။
7 months Ago

ဘာဆက်စီဟာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါ့ဘာ ပြန်လည်ကစားနိုင်မည်ဟု ဆိုးလ်ရှား ပြော

ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။  ပေါ့ဘာဟာ ဆွီဒင်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့် ပိုမိုဆိုးရွားလာတဲ့အတွက် ဝက်စ်ဘရွန်းနဲ့ ပွဲကို လွဲချော်ခဲ့တာလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဒါပေမဲ့ တူရကီကလပ် အက်စ်တန်ဘူ ဘာဆက်ဆီဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်တယ်လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။  ပေါ့ဘာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဖရက်ဒ်၊ တွန်မီနေးနဲ့ ဘရူနိုဖာနန် ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကိုပဲ ဆိုးလ်ရှားက အသုံးပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးတဲ့အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
7 months Ago

မက်ဆီနှင့်အတူ ချန်ပီယံလိဂ်ဖလားထပ်ရရန် ဘာစီလိုနာ ဥက္ကဋ္ဌလောင်း နဒဲလ်မျှော်လင့်

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ နောက်ထပ်ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်တယ်လို့ တင်းနစ်အကျော်အမော် ရာဖေးနဒဲလ်က ပြောပါတယ်။ မက်ဆီဟာ အခုနှစ် နွေရာသီကာလက အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက လျော်ကြေး တောင်းဆိုခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့ရတာပါ။ ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးအတွက် လျှောက်ထားရာမှာပါဝင်ခဲ့တဲ့နဒဲလ်ဟာ ဘာစီလိုနာနဲ့ မက်ဆီကို အားပေးတဲ့ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ မက်ဆီရဲ့ ခြေစွမ်းက အမြဲတမ်းအကောင်းဆုံးဖြစ်နေတယ်လို့ ခံစားမိပြီး အသင်းမှာ ဆက်ရှိအောင် လုပ်ဆောင်နိုင်မယ်ဆိုတာ သေချာမသိပေမယ့် အသင်းမှာဆက်ရှိဖို့ ကြိုးပမ်း မယ်လို့ နဒလ်ကပြောပါတယ်။  ပရိသတ်တွေဘက်က အခွင့်အရေးပေးဖို့မျှော်လင့်ပြီး မက်ဆီကို နောက်ထပ် ချန်ပီယံလိဂ်ဆုဖလားတစ်လုံးနဲ့ အတူမြင်တွေ့ချင်တယ်လို့ နဒဲလ်ကပြောပါတယ်။  နောက်ထပ် ဘလွန်းဒီအော ဆုထပ်မံရယူပြီး စိတ်လူပ်ရှားစရာ စီမံကိန်းတစ်ခု လုပ်ဆောင်သွားမယ်လို့ နဒဲလ်က ပြောပါတယ်။
7 months Ago

ဂျရတ်၏ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို  မိုဆာလာက ၄ နှစ်အတွင်း လိုက်မီ

လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။  ဆာလာဟာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာတစ်ဂိုး သွင်းယူခဲ့ပြီးနောက် လစ်ဗာပူးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုး ရှိသွားခဲ့တာပါ။  အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ဟာလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၂၁ဂိုးနဲ့ မှတ်တမ်းတင်ထားတာဖြစ်ပြီ ဆာလာကအသင်းနဲ့ ၄နှစ်ကြာ ကာလအတွင်းမှာပဲ လိုက်မီခဲ့တာပါ။  ဆာလာအနေနဲ့လာမယ့်ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် အမ်ဖီးလ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျရတ်ရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။  အတ္တလန်တာနဲ့ပွဲမှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဥရောပပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်တွေက အီတလီကလပ်တွေကို အဝေးကွင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 
7 months Ago

ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာက  ဒိုင်နမိုကိဗ်အသင်းကို (၂-၁) ဂိုးဖြင့်အနိုင်ရ 

နိုဝင်ဘာလ ၄ ရက်နေ့က ကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းက  ဒိုင်နမိုကိဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိသွားပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး မက်ဆီက ပင်နယ်တီကနေ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပီကေးက ပွဲချိန် ၆၅ မိနစ်မှာ ခေါင်းတိုက်ဂိုးနဲ့ ဒုတိယဂိုးရရှိစေခဲ့ပါတယ်။ ဒါပေမဲ့  ဒိုင်နမိုကိဗ်အသင်းဟာလည်း ဘာစီလိုနာအသင်းကို ကောင်းကောင်းတုံ့ပြန် ကစားသွားနိုင်ခဲ့ပြီး  ဘာကာ ဂိုးသမားတာစတီဂန်ရဲ့ ဂိုးပေါက် ကာကွယ်မှု ၆ ကြိမ်ကြောင့်သာ သရေကျနိုင်တဲ့အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။  တဘက်မှာလည်း ဒိုင်နမိုကိဗ်အသင်းအတွက် အသက် ၁၈ နှစ်အရွယ် ဂိုးမားလေး ရက်စလန် နက်စ်ရှီရက်က လက်စွမ်းပြခဲ့ပြီး မက်ဆီရဲ့ စပါယ်ရှယ် ဖရီးကစ်တစ်လုံး အပါအဝင် ဘာစီလိုနာအသင်းဘက်က ကန်ချက် ၁၂ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒိုင်နမိုကိဗ်အသင်းဟာ ပွဲချိန် ၇၅ မိနစ်မှာ ချေပဂိုးရရှိခဲ့တာဖြစ်ပြီး ပီကေးက ဒီပွဲမှ ဘာစီလိုနာအသင်းဟာ ချေပဂိုးမပေးရဖို့ အသည်းအသန် ကာကွယ်ခဲ့ရတယ်လို့ ပီကေးက ဝန်ခံပါတယ်။  “ ပထမပိုင်းမှာ ကျနော်တို့စားပုံကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကျနော်တို့ ရုန်းကန်ခဲ့ရပြီး အထိန်းအကွပ်မဲ့ခဲ့ကာ တည်ငြိမ်မှုပျောက်ဆုံးခဲ့ပါတယ်။ သူတို့ဟာ ကျနော်တို့ကို ကောင်းကောင်းကြီးတုံ့ပြန်ခဲ့ပါတယ်။ အကောင်းဆုံးအရာကတော့ ကျနော်တို့  ၃ မှတ်ရရှိခဲ့တာပါ” လို့ ပီကေးကပြောပါတယ်။  “ကျနော်တို့အသင်းမှာ အပြောင်းအလဲတွေအများကြီးလုပ်ဆောင်ထားပါတယ်။ ကျနော်တို့ပုံစံက  ရုန်းကန်နေရတာကြောင့် ဒီလိုလုပ်ဖို့လည်းလိုအပ်ပါတယ်။ နှစ်တိုင်း ကျနော်တို့ ဆိုးရွားမှုတွေရှိခဲ့ပြီး ဒီနှစ်ကတော့မလွယ်ကူဘူးဆိုတာ အာလုံးသိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပွဲတိုင်းကို ပြီးဆုံးအောင် ယှဉ် ပြိုင်သွားပါမယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျနော်တို့အသင်းချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့် ရေပန်း အစားဆုံးအသင်းတွေမှာ မပါဝင်တော့တာ မထူးဆန်းတော့ပါဘူး။ ကျနော်တို့ဒါကို ပြောင်းလဲနိုင်ရပါမယ်။ ကျနော်တို့မှာ လူငယ်ကစားသမားတွေရှိနေပါတယ်” လို့ပီကေးကပြောပါတယ်။  ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်း ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရပေမယ့် ကိုးမန်းရဲ့အသင်းသားတွေဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲစလုံးကိုအနိုင်ရရှိထားပြီး အုပ်စု G ကနေ နောက်တစ်ဆင့် တက်ဖို့အခြေအနေကောင်းတွေပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 
7 months Ago

ချန်ပီယံလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးက ရင်းနက်စ်ကို  (၃-၀)ဂိုးဖြင့်အနိုင်ရ

ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ချဲလ်ဆီးအသင်းက  ပြင်သစ်လီဂူးကလပ် ရင်းနက်စ်အသင်းကို ၃ ဂိုးပြတ်နဲ့ နိုင်ရသွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေ ခြေစွမ်းပြနိုင်ခဲ့ကြပြီး တီမိုဗာနာက ဦးဆောင်ဂိုး ၂ ဂိုးကို ပင်နယ်တီကနေသွင်းယူခဲ့ကာ ဒုတိယပိုင်းမှာ တမ်မီအေဗရာဟမ်က အသင်းအတွက်  နောက်ထပ်အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။   ဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့နောက်တန်းဟာလည်း ဂိုးမပေးရအောင်  ပုံစံကောင်းကို ဆက်လက်ပြနိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ပထမ ၃ ပွဲအပြီးမှ ရမှတ် ၇မှတ်နဲ့ အုပ်စုမှာ ဦးဆောင်နေပါတယ်။  ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ  ၁၁ ဂိုးအထိ ပေးခဲ့ရတာဖြစ်ပြီး  ဒီအခြေအနေကြောင့်လမ်းပတ် အသင်းရဲ့ခံစစ်နဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။  ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ  ၅ ပွဲဆက်တိုက် ဂိုးမပေးရတဲ့စံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်ပြီး  အသင်းခံစစ်နဲ့ ပတ်သတ်တဲ့ သံသယတွေကိုလည်း ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်မြင့်တက်လာတာဟာ  ဂိုးသမားသစ်မန်ဒီ အသင်းကို ရောက်လာတာနဲ့လည်းသက်ဆိုင်နေပြီး ဒီဂိုးသမားဟာ ချဲလ်ဆီးအသင်းအတွက် ၇ ပွဲကစားကာ ၁ ဂိုးပဲပေးရပါသေးတယ်။
7 months Ago

ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးအသင်း အတ္တလန္တာကို ၅ ဂိုးပြတ်အနိုင်ရ  

မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူးအသင်းက အတ္တလန္တာအသင်းဘက်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဂျိုတာ၊ မာနေးနဲ့ ဆာလက်တို့ ၃ ယောက်စလုံး ဂိုးသွင်းယူနိုင်ပါတယ်။ ဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး ဒီယာဂိုဂျိုတာကတော့ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရသွားပါတယ်။  ဒါဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရလဒ်ဖြစ်ပြီး အင်္ဂလိပ်အသင်းအနေနဲ့ အီတလီမြေမှာ အကြီးမားဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ ဂျိုတာဟာလည်း အသင်းအတွက် ၄ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ကာ သွင်းဂိုးအရေအတွက် ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးလားလို့ ပွဲအပြီးမှာ ဂျိုတာကို မေးမြန်းခဲ့ရာမှာ ပေါ်တူဂီသားကတော့ ဒီမေးခွန်းအတွက်အဖြေမှာ အသင်းဖော်တွေကိုပဲ ချီးကျူးခဲ့ပါတယ်။  “အခုအထိ ကျနော့်ဘဝမှာ အကောင်းဆုံးအသင်းနဲ့ ကစားနေရတာပါ။ ဒါဟာ ကျနော့်အတွက် အကောင်းဆုံးခြေစွမ်းလားဆိုတာ မပြောနိုင်ပေမယ့် ဂိုးတွေ သွင်းယူနိုင်နေတာတော့ ကျေနပ်စရာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းအနိုင်ရလဒ်က ဝမ်းသာစရာကောင်းပါတယ်” လို့ ဂျိုတာက ပြောပါတယ်။  ဂျိုတာဟာ  ပြီးခဲ့တဲ့အပြောင်းအရွှေ့ကမှ ဝုဗ်ကနေ လီဗာပူးအသင်းကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။  ဆာလက်၊ မာနေးတို့နဲ့အတူ ကစားရတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတာ့ ဂျိုတာက “သူတို့က ကမ္ဘာ့အဆင့် ကစားသမား ၂ ယောက်ပါ။ သူတို့ ဘယ်လောက်ကောင်းသလဲဆိုတာကို ကျနော်တို့အားလုံး သိရှိခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ကြောင့် ကွင်းထဲက ကျနော့်ရဲ့တာဝန်တွေဟာ ပိုမိုလွယ်ကူလာခဲ့ပါတယ်” လို့ ပြောပါတယ်။ ဟက်ထရစ် ၃ ဂိုးမှာ ပထမဆုံးရရှိခဲ့တဲ့ဂိုးကို အနှစ်သက်ဆုံးဖြစ်တယ်လို့လဲ ဂျိုတာက ပြော ပါတယ်။  “ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့အတွက် ပထမသွင်းဂိုးက ကျနော် အနှစ်သက်ဆုံးပါ။ ဘယ်အသင်းအတွက်မဆို အဖွင့်ဂိုးရဖို့ အရေးပါပါတယ်။ ဒီဂိုးရပြီးနောက်ပိုင်းမှာ ကျနော်တို့  ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့် တခုပါပဲ” လို့ ဂျိုတာက ပြောပါတယ်။  လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာအသင်းအနေနဲ့ ခံစစ်ပိုင်း လိုအပ်ချက်ရှိနေတာကြောင့် ပိုမိုအာရုံစိုက်သွားဖို့ လိုအပ်တယ်လို့ ဂျိုတာက ပြောပါတယ်။
7 months Ago

ကိုဗစ်ကူးစက်ခံရသည့် ဘိုင်ယန်နောက်ခံလူ နီကလပ်ဆူးလာ ချန်ပီယံလိဂ်လူစာရင်းမှ နုတ်ထွက်

ချန်ပီယံလိဂ် ကစားမယ့် ဘိုင်ယန်အသင်းလူစာရင်းမှာ နောက်ခံလူ နစ်ကလပ်ဆူးလာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ နုတ်ထွက်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ် ကစားသမားတွေထဲမှာ ဒုတိယမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ပိုးတွေ့ရှိခဲ့တဲ့ နာဘရီကတော့ ပြန်လည်ကစားနေပြီ ဖြစ်ပါတယ်။  နစ်ကလပ်ဆူးလာအနေနဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရလို့ ရွေးချယ်စရာ ကစားသမားတစ်ဦး မရှိတော့ကြောင်း၊ လိဂ်ပြိုင်ပွဲတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေ များလာတာကြောင့် အခြေအနေကို လက်ခံသွားရမှာဖြစ်ပြီး နောက်ထပ်ပိုးတွေ့ရှိသူ ထပ်မတွေ့ဖို့ မျှော်လင့်ကြောင်း နည်းပြ ဟန်ဆီဖလစ်က ပြောပါတယ်။ ဘိုင်ယန်အသင်းဟာ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းနဲ့ ဒီကနေ့ညမှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
7 months Ago

ဂျူဗင်တပ်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ် ကော်တင်ဟို လွဲချော်မည်ဟု ဘာစီလိုနာ သတင်းထုတ်ပြန်

ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ကော်တင်ဟို လွဲချော်မယ်လို့ ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ပါတယ်။  ကော်တင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုဒါဘီမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး လေ့ကျင့်ခန်း မဆင်းနိုင်သေးတာဖြစ်ပါတယ်။  ဂျူဗင်တပ်စ်နဲ့ အဝေးကွင်းပွဲစဉ်ကို ကော်တင်ဟို လိုက်ပါနိုင်မှာမဟုတ်ကြောင်းလည်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ခဲ့ပြီး ဘယ်ချိန်အထိ အနားယူရမလဲဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ မပါရှိပါဘူး။  ရီးရဲလ်နဲ့ ပွဲထွက်စာရင်းမှာမပါဝင်ခဲ့တဲ့ ဂရစ်မန်းနဲ့ ဒမ်ဘီလီတို့ကတော့ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ရှိပါတယ်။  အခြားစပ်ဆက်သတင်းအနေနဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူဟာ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
8 months Ago

တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကော်တင်ဟို လွဲချော်

တံကောက်ကြောဒဏ်ရာကြောင့် ကွင်းလယ်လူ ဖိလစ်ပီကော်တင်ဟိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဘာစီလိုနာအသင်းက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။  ကော်တင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီအစောပိုင်းကမှ ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ်လည်း ပြန်လည်ခြေစွမ်းပြနေပါတယ်။ သူဟာ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ လီဗာပူးအသင်းကနေ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပထမရာသီမှာ အသင်းနဲ့ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရကာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဆီကို အငှားထွက်ကစားခဲ့ရပါတယ်။ သူဟာ ဘိုင်ယန်အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဂျာမန်ကလပ်က သူ့ကို အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိပါဘူး။ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ  ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ကို ဆက်ထိန်းခဲ့ပါတယ်။  အဲဒီနောက် သူဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဘာစီလိုအသင်းအတွက် ဒီရာသီ ၆ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းနေပေမယ့် သူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်နိုင်ခြေ ရှိနေတယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ပါတယ်။ “တနင်္ဂနွေနေ့ ဆေးစစ်ချက်အရ ကော်တင်ဟိုဟာ ညာဘက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ တွေ့ရပါတယ်။ သူ ဘယ်လောက်နားရမယ်ဆိုတာက သူ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်” လို့ အသင်းက ထုတ်ပြန်ထားပါတယ်။  ဒါကြောင့် ကော်တင်ဟိုဟာ ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံမယ့် ဘာစီလိုနာရဲ့ ပွဲထွက်လူစာရင်းကနေ လွဲချော်ဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ တွေ့ဆုံမှုဟာ ခေတ်ပြိုင် အကောင်းဆုံး ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုအဖြစ်လည်း အားလုံးက သတ်မှတ်ထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဖာရန် ဘာရိုကဏ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး အုပ်စု G ရဲ့ ထိပ်ဆုံးနေရာကို ရရှိဖို့အတွက် ဂျူဗင်တပ်စ်အသင်းကို မရှုံးအောင် ကစားရမှာ ဖြစ်ပါတယ်။
8 months Ago

ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသမားမန်ဒီ၏ စွမ်းဆောင်ရည်ကို လမ်းပတ် ချီးကျူး

ဂိုးသမား အက်ဒွက်မန်ဒီဟာ သူ့ရဲ့အရည်အချင်းအစစ်အမှန်ကို ထုတ်ပြကာ ချဲလ်ဆီးအသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးအဖြစ် ထိုက်တန်ကြောင်း ပြသနိုင်ခဲ့တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ ဆီဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အခုလိုမျိုးပြောခဲ့တာပဲ ဖြစ်ပါတယ်။ မန်ဒီဟာ ချဲလ်ဆီးအသင်းကို စက်တင်ဘာလကမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာအသင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ သေချာပေါက်ဂိုးပေးရမယ့် ကန်သွင်းမှုအားလုံးကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး အပိုင်အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့တဲ့ ဒီပွဲမှာ ဆီနီဂေါ ဂိုးသမားက ဆီဗီလာ ဂိုးသမား နီမန်ဂျီဂူဒယ်ရဲ့ ခေါင်းတိုက်ဘောကို လက်စွမ်းပြ ကာကွယ်သွားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီပွဲအတွက် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တခုဖြစ်ခဲ့ပြီး လမ်းပတ်က သူ့ဂိုးသမားသစ်ရဲ့ လက်စွမ်းကို ချီးကျူးခဲ့ပါတယ်။  မန်ဒီဟာ ချဲလ်ဆီးအသင်းရဲ့ ဦးစားပေး ဂိုးသမားဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ဒီအခြေအနေမှာတော့ အဆင်သင့်ဖြစ်ပါပြီလို့ ပြောရမှာပါ။ သူဟာ သူ့အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ပါတယ်။ သူ ကစားတဲ့ပုံစံကလည်း အရမ်းကိုကောင်းပါတယ်။ ကစားတဲ့ပွဲ ၂ ပွဲစလုံးကိုလည်း clean sheet ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။  အသင်းရဲ့ စံချိန်တင်ဂိုးသမားဖြစ်သူ ကယ်ပါ လက်စွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ချဲလ်ဆီးအသင်းဟာ မန်ဒီကို ရင်းနက်စ်အသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ညပွဲစဉ်ဟာ လမ်းပတ်လက်ထက် ချဲလ်ဆီးအသင်းရဲ့ ပထမဆုံးသော ဂိုးမရှိ သရေပွဲစဉ် ဖြစ်ခဲ့ပြီး လမ်းပတ်ဟာ ဒီပွဲစဉ်မှာ လိုအပ်ချက်တွေများနေတဲ့ အသင်းရဲ့ခံစစ်ကို အကောင်းဆုံးဖွဲ့စည်းနိုင်ခဲ့ပါတယ်။  နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဇူးမားနဲ့ ချီဝဲလ်တို့ နှစ်ဦးစလုံးဟာ ဒီပွဲမှာ ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း ရရှိခဲ့ပြီး ဆီဗီလာအသင်းက ဂျိုအန်ဂျော်ဒန်ရဲ့ ဘောကန်သွင်းမှုဟာ ဂိုးရဖို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ရင်းနက်စ်နဲ့ ခရက်စ်နိုဒါပွဲမှာလည်း တဘက် ၁ ဂိုးစီသရေကျခဲ့ပြီး ချဲလ်ဆီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရုရှားမြေကို သွားရောက်ပြီး ခရက်စ်နိုဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆီဗီလာနဲ့ပွဲစဉ်ဟာ ဒီရာသီ ၈ ပွဲအတွင်း ချဲလ်ဆီး ဂိုးသွင်းမနိုင်တဲ့ပွဲစဉ် ဖြစ်ခဲ့ပေမယ့် အားနည်းချက်တွေ များနေတဲ့ နောက်တန်းက clean sheet ရရှိခဲ့တာဟာ ချဲလ်ဆီးအသင်းရဲ့ တိုးတက်မှုလို့ ဆိုရပါမယ်။
8 months Ago

မန်စီးတီးအသင်း ချန်ပီယံလိဂ် အောင်မြင်မှုမရသေးသည့်အပေါ် တာဝန်ရှိဟု ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးအသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရအောင် လုပ်ဆောင်မပေးနိုင်တဲ့အပေါ်မှာ တာဝန်ရှိကြောင်း နည်းပြ ဂွါဒီယိုလာက ဝန်ခံလိုက်ပါတယ်။  နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာကို ကိုင်တွယ်စဉ်က ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေမှာတော့ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခြင်း မရှိသေးတာပါ။ မန်စီးတီးအသင်းကိုလည်း ဆီမီးဖိုင်နယ်အဆင့်ကိုသာ အမြင့်ဆုံး ရောက်ရှိခဲ့တာကြောင့် အောင်မြင်မှုမရရှိသေးတဲ့အပေါ်မှာ  တာဝန်ရှိတယ်လို့ ခံစားရကြောင်း ဂွါဒီယိုလာက ဝန်ခံခဲ့တာပါ။  အသင်းကို ချန်ပီယံလိဂ်ဆုဖလား ရရှိအောင် လုပ်ဆောင်မပေးနိုင်တာက အရှိတရားတစ်ခု ဖြစ်ပြီး အဲဒါကို လက်ခံကြောင်းနဲ့  ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ခြေစွမ်းမရှိခဲ့ဘဲ အမှားတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ အခုနှစ် ချန်ပီယံလိဂ်မှာတော့ အရင်ထက် တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ပြီး စိန်ခေါ်မှု အသစ်တစ်ခု၊ အခွင့်အရေးအသစ်တစ်ခုအနေနဲ့ ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီးတီးအသင်းဟာ အောက်တိုဘာ ၂၂ ရက်မှာ ပေါ်တိုနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
8 months Ago

ချန်ပီယံလိဂ်တွင် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းနိုင်သူအဖြစ် မက်ဆီ စံချိန်တင်

အောက်တိုဘာ ၂၀ ရက် ညက ဖီရန်ဘာရို့စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၁၆ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲရဲ့ပထမပိုင်း ၂၇ မိနစ်မှာ  ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို မက်ဆီက  ပင်နယ်တီကနေ ကန်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ပွဲချိန် ၄၂ မိနစ်မှာ  အန်ဆုဖာတီက  အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းဟာ ပထမပိုင်းမှာတင် ပွဲကို သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။  ဒီဂိုးကြောင့် ဖာတီဟာလည်း အသက် ၁၈ နှစ်မပြည့်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ ဂိုးနဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။  အဲဒီနောက် ဒုတိယပိုင်းမှာတော့  ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးတွေကို ကော်တင်ဟို၊ ပီဒရီနဲ့ ဒမ်ဘီလီတို့က ဆက်လက်သွင်းယူပေးခဲ့ပြီး အသင်းဟာလည်း ၅ ဂိုး ၁ ဂိုး ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ဖီရန်ဘာရို့စ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ ခါရာတင်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။  ဒီပွဲမှာ မက်ဆီသွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးဟာ ဒီရာသီရဲ့ ဒုတိယမြောက်သွင်းဂိုး ဖြစ်ပါတယ်။ မက်ဆီဟာ ဗီလာရီးရဲလ်အသင်းနဲ့ အဖွင့်ပွဲစဉ်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ ပင်နယ်တီကနေတဆင့် ရရှိခဲ့တာကြောင့် မက်ဆီဟာ ဝေဖန်မှုတချို့ကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဘာစီလိုနာ နည်းပြကိုးမန်းကိုယ်တိုင်က မက်ဆီအနေနဲ့ ဒီထက်ပိုကောင်းအောင် ကစားသင့်တယ်လို့ ထောက်ပြဖူးပါတယ်။ “မက်ဆီရဲ့ပုံစံက ဒီထက်ပိုကောင်းလာဖို့ ရှိပါတယ်။ သူဟာ အသင်းမှာ ပျော်ရွှင်နေပြီးတော့ လေ့ကျင့်ရေးတွေကိုလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်။ သူဟာ ဘောလုံးကိုပဲ အာရုံစိုက်ထားပြီး အသင်းကို ဦးစီးဦးဆောင်ကစားလိုသူ ဖြစ်ပါတယ်။ သူက တိုးတက်နေသူဖြစ်ပြီး ကျနော့်အတွက် သူ့ကို ဘာမှစောဒကတက်စရာမရှိပါဘူး” လို့ ကိုးမန်းက ပြောပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းယူးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ပြီး သူ့မတိုင်ခင် ယူနိုက်တက်ကစားသမား ရွိုင်ယန်ဂစ်က ဒီလိုမျိုး ဆက်တိုက်ဂိုးသွင်းနိုင်တဲ့စံချိန်ကို ရရှိထားပါတယ်။
8 months Ago

ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် ဘာစီလိုနာ ရေပန်းမစားတော့ကြောင်း နည်းပြ ကိုးမန်း ဝန်ခံ

စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားရဖို့ ရေပန်းစားတဲ့အသင်း မဟုတ်တော့ကြောင်း နည်းပြ ကိုးမန်းက ဝန်ခံလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၁ ရက်မှာ ဟန်ဂေရီကလပ် ဖာရန်ဗားရို့စ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။  အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ဘာစီလိုနာအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါဝင်တော့ကြောင်း နည်းပြကိုးမန်းက ပြောခဲ့တာပါ။  ဘာစီလိုနာအသင်းက ဆုဖလားတွေ အားလုံးအတွက် တိုက်ပွဲဝင်တဲ့အသင်း ဖြစ်ပေမယ့် ပိုမိုတောင့်တင်းတဲ့အသင်းတွေ အများကြီးရှိသေးပြီး ရေပန်းစားတဲ့အသင်း ဖြစ်ဖို့အတွက် သက်သေပြဖို့ လိုတယ်လို့ နည်းပြကိုးမန်းက ပြောပါတယ်။ ရာသီအစက အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့တဲ့ မက်ဆီအနေနဲ့ အသင်းမှာ ပျော်ရွှင်နေပြီး လေ့ကျင့်ခန်းလည်းအကောင်းဆုံးလုပ်ဆောင်နေကြောင်း နည်းပြကိုးမန်းက ပြောပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲ ကစားမယ့် ဘာစီလိုနာအသင်းမှာ ဂိုးသမား စတီဂျန်၊ နောက်ခံလူတွေ ဖြစ်တဲ့ အယ်လ်ဘာနဲ့  အမ်တီတီတို့ လွဲချော်မှာ ဖြစ်ပါတယ်။
8 months Ago

ချန်ပီယံလိဂ် မကစားရမှာကို သောမတ်စ်ပါတေး စိုးရိမ်ခဲ့

ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခြင်းက သောမတ်စ်ပါတေးအတွက် အာဆင်နယ်အသင်းကို ပြောင်းသင့်၊ မပြောင်းသင့် စဉ်းစားရာမှာ ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့တယ်လို့ ကစားသမားရဲ့ဖခင်က ဖွင့်ဟပြောပါတယ်။ ဂါနာ လက်ရွေးစင်ကစားသမား ပါတေးဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းက သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေးချေပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်‌။ ပါတေးကို အာဆင်နယ်နည်းပြ အာတီတာက ရာသီတလျှောက်လုံး စောင့်ကြည့်ခဲ့တာဖြစ်ပြီး ကစားသမားဘက်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပါတယ်။  ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိထားခြင်းက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့တယ်လို့ သိရပါတယ်။ ပါတေးဟာ အသင်းသစ်မှာ ချန်ပီယံလိဂ်မကစားရမယ့် ကိစ္စအပေါ် တော်တော်လေး စိုးရိမ်နေခဲ့ပြီး ဒီအခြေအနေမှာ သူ့ဖခင်ဖြစ်သူက အာဆင်နယ်အသင်းနဲ့အတူ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကြိုးစားပေးဖို့အတွက် စည်းရုံးခဲ့ရပါတယ်။ ဂါနာသတင်းဌာနတစ်ခုဖြစ်တဲ့ Joy Sports နဲ့တွေ့ဆုံရာမှာ ကစားသမားရဲ့ဖခင်ဖြစ်သူ ဂျာကော့ပါတေးက “ကျနော်က နည်းပြသင်တန်းတွေ ဘာတွေ တက်ခဲ့ဖူးတော့ အားကစားစာအုပ်တွေ၊ သမိုင်းကြောင်းတွေ၊ ကစားသမားတွေအကြောင်းနဲ့ပတ်သတ်ပြီး တီးမိ ခေါက်မိ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျနော်က သားဖြစ်သူဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ဆိုတာ နောက်ကို နည်းနည်းဆုတ်လိုက်ဖို့ အခွင့်အရေးတစ်ခုလို့ ပြောခဲ့ပါတယ်။ သူက ချန်ပီယံလိဂ် ကစားရတဲ့အသင်းမှာ ကစားလိုနေပေမယ့် သူ ရောက်မယ့်အသင်းမှာ ချန်ပီယံလိဂ် ကစားခွင့်မရသေးတာကြောင့် အသင်းသစ်ကို ချန်ပီယံလိဂ် ပြန်လည်ရောက်ရှိအောင် ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျနော် ပေးခဲ့တဲ့အကြံဉာဏ်က ဒီအပြောင်းအရွှေ့မှာ အရေးပါခဲ့ပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန် ကြိုးစားရင်း ဘောလုံးကိုပဲ အာရုံစိုက်ဖို့ကိုလည်း ပြောပါတယ် ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်း အပါအဝင် အသင်းအများစုက သူ့သားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ဒီအသင်းတွေထဲမှာ ချဲလ်ဆီးအသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
8 months Ago

ချန်ပီယံလိဂ်အုပ်စုအခြေအနေနှင့် စိတ်ဝင်စားဖွယ်အချက်အလက်များ

အခုရာသီချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် မဲခွဲမှုကို အောက်တိုဘာ ၁ ရက်က လုပ်ခဲ့ပါတယ်။ မဲခွဲမှုရလဒ်အရ စိတ်ဝင်စားဖွယ်ရာပွဲစဉ်တွေ ထွက်ပေါ်လာမယ့် အုပ်စုအခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်။   Group A လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို၊ ဆဲလ်ဘတ်၊ လိုကိုမိုးတစ်တို့နဲ့ တွေ့ဆုံနေပါတယ်။  Group B မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်တာမီလန်၊ ရှက်တာဒိုးနက်စ်၊  မိုချင်ဂလက်ဘတ်တို့နဲ့ တွေ့ဆုံနေပြီး Group C မှာတော့ မန်စီးတီးအသင်းဟာ ပေါ်တို၊ အိုလံပီယာကော့စ်၊ မာဆေးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Group D မှာ လီဗာပူးအသင်းဟာ အေဂျက်၊ အတ္တလန်တာ၊ မစ်ဂျယ်လန်းအသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  Group E မှာတော့ ချဲလ်ဆီးအသင်းဟာ ဆီဗီလာ၊ ရင်းနက်စ်၊ ခရက်စနိုဒါတို့နဲ့ တွေ့ဆုံနေပါတယ်။  Group F မှာတော့ ဒေါ့မွန်အသင်းဟာ ဇင်းနစ်၊ လာဇီယို၊ ဘရုဂျက်အသင်းတွေနဲ့ တစ်အုပ်စု တည်းရောက်ရှိနေပြီး Group G မှာတော့ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ဒိုင်နမိုကိဗ်၊ ဖာရန်ချာရို့စ် အသင်းတို့ တွေ့ဆုံနေပါတယ်။  နောက်ဆုံး  Group ဖြစ်တဲ့ Group H မှာတော့ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ၊ လိုက်ပစ်ဇ်၊ အစ္စတန်ဘူလ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ဒီအုပ်စုရလဒ်အရ စိတ်ဝင်စားစရာအကောင်းဆုံးက Group G ဖြစ်နေပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ နောက်ထပ်ကြိမ် ထပ်မံအားပြိုင်ရဦးမှာ ဖြစ်ပါတယ်။  လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ခက်ခဲတဲ့အုပ်စုထဲ ရောက်နေတယ်လို့ ယူဆရမှာဖြစ်ပြီး အက်သလက်တီကိုနဲ့ တွေ့ဆုံရမှာဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့လည်း အင်တာမီလန်အသင်းရဲ့ စိန်ခေါ်မှုကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းတွက်ကတော့ အုပ်စုကြပ်တယ်လို့ သုံးသပ်နိုင်ပြီး ပီအက်စ်ဂျီနဲ့လိုက်ပစ်ဇ်အသင်းတို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။  မန်စီးတီးအသင်းကတော့ အုပ်စုအချောင်ဆုံး ဖြစ်ပါတယ်။  အုပ်စုပွဲစဉ် မဲခွဲမှုရလဒ်ဟာ ဘယ်သူ့အတွက် အားသာချက်ဖြစ်မလဲ ဘယ်သူ့အတွက် အားနည်းချက်ဖြစ်မလဲဆိုတာကို Goal သတင်းမှာ အခုလို ဖော်ပြထားပါတယ်။  ချဲလ်ဆီးအတွက် အားသာချက် ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက် ပထမဆုံးသော ဥရောပပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်မှုနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ လမ်းပတ်အတွက် အုပ်စုအဆင့်ဟာ လွယ်ကူမှု ရှိနေတယ်လို့ ပြောနိုင်ပါတယ်။  လမ်းပတ်အတွက် အုပ်စုကနေတက်ဖို့ အလားအလာကောင်းများစွာ ရှိနေပေမဲ့ သူ့အနေနဲ့ ကတော့ ကစားသမားသစ်ခေါ်ယူဖို့ သုံးစွဲထားတဲ့ ပေါင်သန်း ၂၀၀ နဲ့ထိုက်သင့်တဲ့ အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်ပြဖို့ လိုအပ်နေပါတယ်။  ချဲလ်ဆီးရဲ့အုပ်စုထဲမှာ ဆီဗီလာတစ်သင်းတည်းသာ အန္တရာယ်ပေးနိုင်တဲ့ အသင်းအဖြစ်ရှိနေပြီး ရင်းနက်စ်နဲ့ ခရစ်စနိုဒါတို့လို ချန်ပီယံလိဂ်မျက်နှာသစ် အသင်းတွေကိုတော့ လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်မယ်လို့ ယူဆရပါတယ်။  ဂွါဒီယိုလာအတွက် အားသာချက် ဂွါဒီယိုလာအတွက် မန်စီးတီးအသင်းနဲ့ယူစရာဆိုလို့ ချန်ပီယံလိဂ်ဖလားပဲ ကျန်ပါတော့တယ်။ ထွက်ပေါ်လာတဲ့ အုပ်စုဇယားအရတော့ ဒီနှစ်ဟာ သူတို့အတွက် အုပ်စုကနေ ကျော်ဖို့ အလားအလာ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။  ပြီးခဲ့တဲ့ ၆ လမှာ မန်စီတီးအသင်းဟာ ချန်ပီယံလိဂ်ကနေ ပိတ်ပင်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ တော့ ဒီပြစ်ဒဏ်ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။  ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့အတူ  ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်ဟာလည်း ချန်ပီယံလိဂ်ဖလား  ဖြစ်ပါတယ်။ အသင်းရဲ့အုပ်စုအနေအထားအရ ပေါ်တို၊ အိုလံပီယာကော့စ်တို့နဲ့ အဓိကယှဉ်ပြိုင်ရမှာ ဖြစ်ပြီး  ဂွါဒီယိုရဲ့အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ မာဆေးလ်အသင်းကိုလည်း မေ့ထားလို့မရပါဘူး။ မာဆေးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီတီးအသင်းကို ထွက်စေခဲ့တဲ့ လိုင်ယွန်အသင်းထက် လီဂူးဝမ်းမှာ အဆင့်ရပ်တည်ချက် ပိုမိုမြင့်မားနေတယ်ဆိုတာကို သတိပြုရပါမယ်။  ဆိုးလ်ရှားအတွက် အဆင်ပြေပါ့မလား ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ သူ့အသင်းကို ၈ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ်ပြောင်းလဲရင်း တဖက်မှာလည်း ဥရောပမှာ လူရိုသေ ရှင်ရိုသေ အဆင့်တခုကို ပြန်ရောက်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ဒါပေမဲ့ အုပ်စုမဲခွဲမှုအနေအထားအရ ကံကြမ္မာဟာ သူတို့နဲ့ရှိမနေဘူးလို့ ဆိုရပါမယ်။ ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲရောက်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ကွာတားဖိုင်နယ် ရောက်ခဲ့တဲ့ လိုက်ဇ်ပစ်အသင်းတို့ဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာဖို့ ရှိပါတယ်။  ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပီအက်စ်ဂျီကို ဖြတ်ကျော်ပြီး နောက်တဆင့်ကို ရောက်ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိခဲ့ပေမဲ့ အခြေအနေတွေ ပြောင်းလဲနေတယ်ဆိုတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။  Group H ကနေ ကျော်လွန်ဖို့ဆိုရင် ဆိုးလ်ရှားဟာ သူ့ရဲ့နည်းပြ အရည်အချင်းကို ပြသသွား ဖို့ လိုအပ်နေပါတယ်။  အေဂျက်ဇ်အတွက် စိန်ခေါ်မှု အခုလက်ရှိ အေဂျက်ဇ်အသင်းရဲ့ လူစာရင်းဟာ ၂၀၁၉ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ အသင်းနဲ့ အများကြီး ကွာခြားသွာခဲ့ပါပြီ။ ဒီအခြေအနေမှာ မဲခွဲမှုရလဒ်က သူတို့အတွက် ပိုပြီးခက်ခဲမှုကို ဖြစ်စေခဲ့ပါတယ်။ ဒတ်ချ်အသင်းဟာ ဇီယက်၊ ဗန်ဒီဘိခ်နဲ့ ဆာဂျီနိုဒတ်စ်တို့ကို ဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့နာမည်ကျော် အကယ်ဒမီကလည်း ဒီကစားသမားတွေနေရာမှာ အစားထိုးနိုင်မယ့်လူမျိုးကို မမွေးထုတ်ပေးနိုင်သေးပါဘူး။  ဒါ့ကြောင့် အေဂျက်ဇ်အသင်းဟာ အုပ်စုအဆင့်ကနေ ကျော်လွှားနိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ သူတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုဟာ လီဗာပူးအသင်း ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ရာသီမှာ မထင်မှတ်တာတွေလုပ်ပြခဲ့တဲ့ အတ္တလန္တာအသင်းကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။  ရီးရဲလ်အသင်း ရုန်းကန်ရမှာလား ရီးရဲလ်နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ၄ ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ရယူပေးဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။ ဒီနှစ်မှာလည်း သူတို့အသင်းဟာ ရှက်တာဒိုးနက်စ်၊ အင်တာမီလန်၊ မိုချန်ဂလာဘတ် စတဲ့ အသင်းတွေနဲ့ အုပ်စုအတွင်း ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။  စပိန်ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့ရာသီ သူတို့ရဲ့ ချန်ပီယံလိဂ် ၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပြီး အိမ်ကွင်း ဘာနေဗျူးမှာ ကစားခဲ့တဲ့ နောက်ဆုံးဥရောပပြိုင်ပွဲ ၆ ပွဲမှာလည်း ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။  ဒီအခြေအနေတွေကြောင့် ရီးရဲလ်အသင်းဟာ ပြိုင်ပွဲကနေ အစောကြီးထွက်ခွာရနိုင်တယ်လို့ မဆိုလိုနိုင်ပေမယ့် ရီးရဲလ်အသင်းအနေနဲ့ နောက်တဆင့်ကို ရောက်ဖို့ ရုန်းကန်ရမှာ ဖြစ်ပါတယ်။
8 months Ago
More News
Up