စစ်ကြောရေးတွင်သေဆုံးသွားသည့် ပြည်မြို့ကလူငယ် ၁ ဦးကို မိသားစုက သင်္ဂြိုဟ်ခွင့်မရ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗုံးပေါက်ကွဲမှုမှာ မသင်္ကာလို့ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားစဉ် သေဆုံးခဲ့သူကို မိသားစုဝင်တွေက အလောင်းထုတ်ယူ သင်္ဂြိုဟ်ခွင့်မရဘူးလို့ ပြည်မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ခင်းပိုင်းက ပြည်မြို့က စစ်တပ်ပိုင် အင်းဝဘဏ်ဗုံးပေါက်ကွဲတာနဲ့ပတ်သက်လို့ အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်ခိုင်ကို စစ်ဆေးဖို့ စစ်တပ်က ခေါ်ဆောင်သွားစဉ် သေဆုံးခဲ့တာပါ။

ဗုံးပေါက်တာနဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ပြည်မြို့ နဝင်းကွက်သစ် ၁၂ လမ်းနေ ကိုအောင်မြင့်ခိုင်ကို မေလ ၄ ရက်နေ့ညက ဖမ်းဆီးသွားပြီး၊ နောက်နေ့ မေလ ၅ ရက်နေ့ည ၈ နာရီမှာ မိသားစုကို အလောင်းလာကြည့်ဖို့ ခေါ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့်မိသားစုဝင်တွေက ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံ ရင်ခွဲရုံမှာအလောင်းထုတ်ဖို့ သွားခဲ့ကြတယ်။ ဒါပေမဲ့ အလောင်းထုတ်ခွင့်မပေးသလို အလောင်းကို လှန်လှောကြည့်ခွင့်တောင် မရခဲ့ဘူးလို့ ဆိုပါတယ်။ 

မိသားစုနဲ့ နီးစပ်သူတဦးက “မိသားစုသွားကြည့်တော့ အလောင်းပြန်သယ်ခွင့်မရဘူး။ အလောင်းကိုလည်း အကုန်လုံးချွတ်ကြည့်လို့မရဘူး။ ဗိုက်ကနေ လည်ပင်းထိ ချုပ်ရိုးတွေ အပြည့်ချုပ်ထားတယ်။ မျက်နှာကလည်း ညိုမဲစွဲပြီးတော့ တော်တော်ကို ဒဏ်ရာအများကြီးတွေနဲ့ တွေ့ရတယ်။ မိသားစုဝင်တွေကို ဒါဟာ ကားပေါ်က ခုန်ချလို့ ရိုက်နှက်ပြီး ဖမ်းဆီးလို့ မတော်တဆ သေသွားတယ်လို့ ဖြေတယ်တဲ့။ ပြီးတော့ အလောင်းလည်း ပြန်မပေးဘူးပေါ့နော်၊ သူတို့ သင်္ဂြိုဟ်ပေးမယ်၊ ကြည့်ပြီး ပြန်တော့ဆိုပြီး ပြန်ခိုင်းတယ်၊ ဓာတ်ပုံတွေလည်း ရိုက်လို့မရဘူး။ ဖုန်းတွေလည်း အကုန်သိမ်းတယ်။” လို့ ပြောပါတယ်။

ကိုအောင်မြင့်ခိုင်ဟာ ဟိန္ဒူဘာသာဝင်ဖြစ်တာမို့ မိသားစုက မေလ ၈ ရက်နေ့မှာ ဟိန္ဒူဘာသာဝင်တို့ထုံးတမ်းစဉ်လာအရ နေအိမ်မှာ ကောင်းမှုကုသိုလ်လုပ်ကြမှာဖြစ်ပါတယ်။

1 second Ago

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate

China Focus

မြန်မာစစ်အာဏာသိမ်းမှု၊ အာဆီယံနဲ့ တရုတ် (ဆောင်းပါး)

တရုတ်အစိုးရအာဘော် သတင်းစာတစ်စောင်ဖြစ်တဲ့ Global Times ထဲမှာတော့ ‘မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပြီး ဒီတွေ့ဆုံမှုကနေ တင်းမာမှုကို လျှော့ချစေဖို့ ယုံကြည်ရတယ်’ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါးတစ်ခု ဖတ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းကပါ။ အချက် ၅ ချက်ပါတဲ့ အာဆီယံ သဘောတူ ကြေညာချက်မှာ All parties ဆိုတဲ့ အကြမ်းဖက်မှုမှာ ပါဝင်သူအားလုံးဆိုတာဟာ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူလူထုကို ထည့်သွင်းပြောဆိုပုံပေါက်နေလို့ ဝေဖန်သူတွေနဲ့ မြန်မာပြည်သူလူထုကြားမှာတင် အတော်လေး အဲဒီအသုံးအနှုန်းအပေါ် ခံပြင်းနေပါတယ်။ အာဆီယံဟာ နိုင်ငံတကာကပါ အဓိကထား တောင်းဆိုနေတဲ့ အာဏာသိမ်းစစ်ကောင်စီကနေ မတရားဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့ကိုတောင် နောက်ဆုံး ထုတ်ပြန်တဲ့ သဘောတူညီချက်ထဲ မထည့်နိုင်ခဲ့ပါဘူး။ အစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်ထဲမှာသာ ဒီအချက်က ပါဝင်ခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်လည်း ဒီအစည်းအဝေးဟာ သူအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံပြင်ပထွက်ခွာ တက်ရောက်တဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်။ အာဆီယံဟာ မြန်မာနိုင်ငံအကြီးအကဲအနေနဲ့ ဖိတ်ကြားတာ မဟုတ်ပါဘူး၊ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့သာ ဖိတ်ကြားတာပါလို့ ပြောနေပေမဲ့၊ မြန်မာပြည်သူတွေအတွက်တော့ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်ကို အရေးတယူလုပ် ဆက်ဆံတာသာ ဖြစ်တယ်လို့ ဒေါသတကြီးယုံမှတ်ကြပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်ပါဘူး။ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ မရေမရာတွေ၊ အချိန်ကာလ သတ်မှတ်ချက် မပါတာတွေ၊ မြန်မာပြည်တွင်းက မြေပြင်အခြေအနေနဲ့ လက်တွေ့မကျ ကင်းကွာနေတာတွေ၊ အာဆီယံရဲ့ မူဝါဒတစ်ခုဖြစ်တဲ့ ‘တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ’ဆိုတာကလည်း အောက်ခြေက ပြည်သူလူထုအပေါ် မျက်ကွယ်ပြုပြီး လက်ဝယ်အာဏာရှိသူကိုသာ တရားဝင်မှုပေး ဆက်ဆံတဲ့ပုံစံတွေက အာဆီယံအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်စေခဲ့တယ်။

တကယ်တမ်းတော့ ASEAN Way ဆိုတဲ့ အာဆီယံနည်းလမ်းဆိုတာ တရုတ်နိုင်ငံက စစ်အာဏာသိမ်းမှု စဖြစ်ကတည်းက တင်သွင်းနေတဲ့ နည်းလမ်းနဲ့ ဘာမှ မကွာခြားပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကနေတဆင့် ပြည်သူ့ဆန္ဒမဲအရ အာဏာရလာတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းတာက မြန်မာ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်၊ ပြည်ပကနေ ဝင်ရောက်စွက်ဖက်စရာမလိုဘူး၊ သူတို့ဟာသူတို့ ရှင်းလိမ့်မယ်၊ ဘယ်သူမှ ဝင်မပါနဲ့ဆိုတာဟာ တရုတ်နိုင်ငံရဲ့ သေတစ်ပန်သက်တစ်ဆုံး လက်ကိုင်မူဝါဒ ဖြစ်ပါတယ်။ နဝတ/နအဖ စစ်အာဏာရှင်စနစ်တုန်းကလည်း ဒီမူဝါဒနဲ့ပဲ မြန်မာအပေါ် ဆက်ဆံခဲ့တယ်။ ပြီးတော့ အာဆီယံ ဆိုတာကလည်း နဝတ/နအဖ စစ်အစိုးရကို တရားဝင်မှုပိုရှိအောင် အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံပေးခဲ့တဲ့ အာဏာရှင်စနစ်အားပေး အဖွဲ့အစည်းတစ်ခုပါ။ တကယ့် ပြည်သူမျက်နှာ၊ ပြည်သူ့ဘက် ဘယ်တုန်းကမှ မရပ်တည်ခဲ့တဲ့ အာဆီယံအဖွဲ့ ဖြစ်တယ်။

အကြောင်းတရားကလည်း ရိုးစင်းပါတယ်။ အာဆီယံနိုင်ငံတွေဟာ ‘ဖားတစ်ပိုင်း ငါးတစ်ပိုင်း’ ဒီမိုကရေစီနိုင်ငံတွေ၊ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ၊ စစ်တပ်နဲ့မကင်းတဲ့ အစိုးရတွေချည်းပါပဲ။ ဒါကြောင့် သူတို့ကိုယ်တိုင် သက်ဆိုင်ရာနိုင်ငံတွေထဲ လုပ်ချင်ရာလုပ်နိုင်ဖို့အတွက် ‘ဝင်မစွက်ဖက်ရေးမူ’ကို ဖက်တွယ်ထားကြတာ ဖြစ်တယ်။ ဒါက တရုတ်ရဲ့ မူဝါဒနဲ့ သွားအံကိုက်နေတာဖြစ်တယ်။

တရုတ်နိုင်ငံကလည်း ၁၉၉၀ တုန်းက တရုတ်နိုင်ငံ မဟုတ်တော့။ ၁၉၉၀ တုန်းကဆို တရုတ်ပြည်မကြီးထဲ ဆင်းရဲမွဲတေမှုနှုန်းက ကြောက်ခမန်းလိလိပါ။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က ဆင်းရဲမွဲတေမှုလိုင်းအောက် ရောက်နေခဲ့တယ်။ နှစ်ပေါင်း ၃၀ ကြာ ယနေ့ တရုတ်ပြည်ကတော့ အတော်လေးကို ပြောင်းလဲသွားခဲ့ပြီး ဆူပါပါဝါ အမေရိကန်ပြည်ထောင်စုကို ပခုံးချင်းယှဉ်ဖို့ ပြင်လာတဲ့အနေအထားထိ ရောက်လာခဲ့တယ်။

အထက်မှာဆိုခဲ့သလိုပဲ တရုတ်နိုင်ငံဟာ သမိုင်းတလျှောက်လုံး မြန်မာ့အရေးနဲ့ပတ်သက်ရင် laissez-faire ဆိုတဲ့ ပြင်ပကနေ ကြားဝင်ဖြေရှင်းတာကို လက်မခံဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ရှင်း ဆိုတဲ့ ချဉ်းကပ်မှုပုံစံ သူ့မူဝါဒအနေနဲ့ ကျင့်သုံးခဲ့တာ ဖြစ်တယ်။ တရုတ်အစိုးရကိုယ်တိုင်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ သမိုင်းဆိုး ရှိခဲ့တယ်။ ခုထိလည်း အဲဒီပုံစံအတိုင်းပါပဲ။ သူ့ပိုင်နက် နယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ တိုင်ဝမ်၊ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာဆို အမေရိကန်နဲ့ အနောက်အုပ်စု ကြားဝင်စွက်ဖက်တာကို ပြောင်ပြောင်တင်းတင်း ဒေါသတကြီး ဆန့်ကျင် ပြောဆိုလေ့ရှိတယ်။ ဒါပေမဲ့ တရုတ်ဟာ သူ့ရဲ့ အဲဒီမူဝါဒကို တကယ်ရော လိုက်နာကျင့်သုံးရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အနီးစပ်ဆုံး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရေးကိစ္စမှာ သူ ကြားဝင်စွက်ဖက်နေတာတွေ၊ ဝင်ကစားနေတာတွေ တပုံကြီးပါပဲ။ ဟိုအရင် ဗကပတုန်းကစလို့ ‘ဝ’ ဒေသ အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေထဲက စစ်ရေး၊ နိုင်ငံရေးတွေမှာ တရုတ်ကြားဝင် စွက်ဖက်နေတာတွေအကြောင်း ဝေဖန်သူတွ ထောက်ပြ ပြောဆိုနေတာ မနည်းမနောပါ။

ဒါမို့ တရုတ်နိုင်ငံရဲ့ ‘မြန်မာစစ်အာဏာသိမ်းမှုက သူ့ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်။ ပြည်ပကနေ ဘယ်သူမှ ကြားဝင်စွက်ဖက်ဖို့ မလိုဘူး’ လို့ မကြာခဏ ပြောဆို သတိပေးပုံဟာ ရှေ့နောက်ညီညွတ်မှုရှိတဲ့ ရပ်တည်ချက် မဟုတ်ပါဘူး။ မြန်မာကို တည်ငြိမ်စေချင်တယ် ဆိုတာကလည်း သူနဲ့ ကုန်သွယ်ရေးအပါအဝင် ယဉ်ကျေးမှု၊ လူမှုစီးပွားကအစ နယ်နိမိတ်ချင်းကပ် ကူးလူးစပ်ယှက်နေရတဲ့ နိုင်ငံဖြစ်နေလို့သာ ဖြစ်တယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေး အိုင်ဒီယော်လိုဂျီပိုင်းပါ။ တစ်ပါတီ အာဏာရှင်စနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံရေးအထိုင်မှာ ကွန်မြူနစ်စနစ်ဖြစ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို သူ့အနီးအနား မထွန်းကားစေလိုပါဘူး။ ဆူပါပါဝါဖြစ်ဖို့ တာစူလာနေတဲ့ တရုတ်နိုင်ငံဟာ အခုမြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာစင်မြင့်မှာ သိက္ခာကျရသလို သူ့အင်အားချဲ့ထွင်ဖို့ အကန့်အသတ်တွေသာ ဖြစ်သွားစေပါတယ်။ အထူးသဖြင့် သူ့ရဲ့ OBOR စီမံကိန်းကြီးကို အဟန့်အတား ဖြစ်သွားစေတယ်။ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ မြန်မာနိုင်ငံအတွင်း သူ့အကျိုးစီးပွားတွေကို ခြိမ်းခြောက်တာ ပိုခံလာရဖို့ပဲ ရှိပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အာဆီယံနိုင်ငံတချို့နဲ့ အငြင်းပွားနေရတဲ့အပြင် အခုဆို မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ တရုတ်ဆန့်ကျင်ရေးတွေ ပြန်လည်မြင့်တက်လာတာမို့ မြန်မာစစ်အာဏာသိမ်းမှုဟာ ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတဲ့အပြင် တရုတ်အကျိုးစီးပွားကို ဘယ်ဘက်ကမှ ကောင်းစေမှာ မဟုတ်တာကိုတော့ ၂၁ ရာစု တရုတ်တို့ သဘောပေါက်ချိန်တန်ပြီလို့ ယူဆရပါကြောင်း…..။

ထူးကျော်ဝင်း

1 week Ago

နွေဦးတော်လှန်ရေးနဲ့ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် (ဆောင်းပါး)

 မြန်မာနိုင်ငံ ပြဿနာကို သံတမန်နည်းလမ်းအရ အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာသင့်တယ်လို့ တရုတ်နိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြတာကြောင့် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့တယ်။

အစည်းအဝေးအပြီးမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တယ်။

အကြမ်းဖက်မှု ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး အစွမ်းကုန် သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုအထောက်အကူပြုစင်တာကတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ဖို့၊ ပဉ္စမအချက်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ စတဲ့ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပေါ်ယံအမြင် ကြည့်တဲ့အခါ သံခင်းတမန်ခင်းအရ အောင်မြင်သယောင် ပြောဆိုနေကြတာ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာပြည်သူတို့ အကျိုးဘက်က ကြည့်ရင်တော့ ဒီအခြေအနေဟာ တရုတ်ရဲ့ နိုင်ငံရေး သတ်ကွင်းထဲ တိုက်ရိုက်ကျဆင်းသွားပြီလို့ ဆိုချင်တယ်။

တရုတ်နိုင်ငံက အာဆီယံအစည်းအဝေး ဖြစ်မြောက်ရေးအတွက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံပြဿနာကို အာဆီယံအဖွဲ့အတွင်းမှာ ဆွေးနွေးအဖြေရှာဖို့ စတင်တိုက်တွန်းခဲ့တာ အများသိ ကိစ္စဖြစ်တယ်။ ဆွေးနွေးအဖြေရှာရာမှာ အပြုသဘောဆောင်ဖို့ အားလုံးသဘောတူညီမှုအရ ဆုံးဖြတ်ဖို့ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ တရုတ်က သတိပေး ပြောဆိုခဲ့တာ ကြားခဲ့ရတယ်။ နိုင်ငံခြားဆိုတာ အနောက်နိုင်ငံတွေကို ရည်ညွှန်းတာဖြစ်ပြီး၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေကို ဆိုလိုတာ ဖြစ်တယ်။ နိုင်ငံခြားစွက်ဖက်မှုတွေကို လက်မခံဖို့ ပြောနေတဲ့ တရုတ်ကိုယ်တိုင်ကတော့ မြန်မာကိစ္စမှာ နည်းမျိုးစုံ ၀င်ရောက်စွက်ဖက်နေတာ မြင်နေရတယ်။

မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို နောက်ဆုံး အာဆီယံ ၁၀ နိုင်ငံ သဘောတူညီချက် ၅ ချက်မှာ ပါဝင်လာခြင်း မရှိတာ တွေ့ရတယ်။ ဒီအချက်က အရေးအကြီးဆုံး မပါမဖြစ် ပါရမယ့်အချက် ဖြစ်တယ်။ ဒီအချက်ကို ချန်ထားခဲ့တာဟာ ကောက်ကျစ်စဉ်းလဲမှုရဲ့ အစဖြစ်တယ်။ ဘာကြောင့်လဲ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို လွှတ်မပေးချင်လို့ ဖြစ်တယ်။ NLD ပါတီကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ချင်တဲ့ အကြံဆိုး ရှိနေလို့ဖြစ်တယ်။ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကလိမ်ဉာဏ်ဆင် အကြောင်းပြပြီး အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ အမှန်စင်စစ် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတကြောင်း ပြည်တွင်း ပြည်ပက အသိအမှတ်ပြုထားပြီး ဖြစ်တယ်။

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုမှုအရ အကြောင်းမရှိ အကြောင်းရှာ အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ဒီမိုကရေစီ ကိုယ်စားပြုတဲ့ အစိုးရ အာဏာရခဲ့ရင် စစ်အုပ်စုရဲ့ အကျင့်ပျက် ခြစားမှုပေါင်း ကုဋေကုဋာနဲ့တကွ စစ်ရာဇဝတ်မှုပေါင်းများစွာကို ဖေါ်ထုတ်ဖွင့်ချခံရမှာ ကြောက်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်း ဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံပြဿနာဟာ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်စစ်အာဏာရှင်ဝါဒတို့ကြားက တိုက်ပွဲဖြစ်တယ်။ အာဆီယံဒေသအတွင်းကတဆင့် နိုင်ငံတကာအထိ ကျယ်ပြန့်လာနိုင်တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုကလည်း အာဏာရှင်တပိုင်း အစိုးရတွေ လက်အောက်မှာ ရှိနေတာကို မမေ့ဖို့ လိုတယ်။ မြန်မာ့နွေဦးတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီအရေးတော်ပုံဟာ ဒေသတခုလုံးအထိ ကူးစက်ကျယ်ပြန့်လာမှာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ စိုးရိမ်နေကြပုံရတယ်။

မြန်မာဖက်ဆစ် စစ်အုပ်စုကို လတ်တလော ကျောထောက်နောက်ခံပေးနေတာ ဘယ်သူလဲလို့ မေးရင် ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ တရုတ်နိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။ တရုတ်က မီးစိမ်းပြခဲ့လို့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ပစ်ပယ်ပြီး မင်းအောင်လှိုင် ဖက်ဆစ်စစ်အုပ်စုက အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ တရုတ်က မင်းအောင်လှိုင်ကို ဘာကြောင့် အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တာလဲ။ “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း” (BRI) လို့ ကမ္ဘာမှာ ကျော်ကြားနေတဲ့ တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီးကို ကြားဖူးကြမယ် ထင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြုပြီး၊ ကုန်သွယ်ရေးလမ်းကြောင်းကြီးတခု တရုတ်နိုင်ငံက ဖော်ဆောင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံကနေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဒေသအထိ ခေတ်သစ် ပိုးလမ်းမက ဖြတ်သန်းမှာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တရုတ်က သူ့အကျိုးစီးပွားအတွက် စိတ်တိုင်းကျ ချယ်လှယ်သိမ်းပိုက်လိုတယ်။ နယ်ချဲ့လိုတယ်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၂၀ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်။ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့တယ်။ ‘BRI စီမံကိန်း ဖော်ဆောင်ရေးဦးဆောင်ကော်မတီ’ ရဲ့ ပထမအကြိမ် အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်နေကြောင်း၊ အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ ပထဝီ အနေအထားအရ မြန်မာနိုင်ငံဟာ BRI  ပိုးလမ်းမ စီမံကိန်းမှာ မဟာဗျူဟာကျနေတာကြောင့် ပါဝင်သွားဖို့ ရှိတယ်လို့ ဆိုတယ်။  ဒါပေမဲ့ စီမံကိန်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတ ဖြစ်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

BRI စီမံကိန်း အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်” နဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။  စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့်အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်မှာ ဆောင်ရွက်ရမယ့် စီမံကိန်းတွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

ဒါကြောင့် BRI  ပိုးလမ်းမ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်”နဲ့တကွ ဥပဒေစည်းမျဉ်းစည်းကမ်း ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှုရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာကို ကြည့်ရင် စစ်အစိုးရနဲ့ လုပ်ရသလို တွက်ခြေမကိုက်နိုင်တာကို တရုတ် ခေါင်းဆောင်တွေ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် မြန်မာ့ ရေမြေတောတောင် သဘာဝသယံဇာတတွေကို အချောင်နှိုက်ယူနိုင်ဖို့ဆိုရင်  စစ်အုပ်စု အာဏာရဖို့လိုတယ်လို့ တရုတ်နိုင်ငံက တွက်ဆခဲ့ပုံရတယ်။ ဒါကြောင့် မြန်မာနဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ မူဝါဒဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်ခဲ့တယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြိုးကိုင် ချယ်လှယ်နိုင်ရေး အမြဲကြိုးပမ်း ကြံစည်နေတာကို ကြည့်ရင် တရုတ်ရဲ့ ကိုယ်ကျိုးစီးပွား ပဓာနထားတဲ့ မူဝါဒကို မြင်နိုင်တယ်။ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံပြဿနာ အဖြေရှာကြရာမှာ တရုတ်က သူ့အကျိုးအတွက် မင်းအောင်လှိုင် စစ်အုပ်စုကို အကာအကွယ်ပေးနေခြင်း ဖြစ်တယ်။ အခု စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ရက်ပေါင်း ၈၀ ကျော်အတွင်းမှာတောင် နေ့စဉ် မြန်မာ့အဖိုးတန်သစ်တွေ တန်ချိန်ပေါင်းများစွာ တရုတ်နိုင်ငံဘက်ကို ခိုးထုတ်နေကြတယ်။ မြေရှား (Rare earth) အပါအဝင် သတ္တုအမျိုးမျိုးနဲ့ကျောက်စိမ်းတွေ နေ့စဉ် တရုတ်ဘက်ကို ခိုးယူနေကြတာကို ကြည့်ရင် သိနိုင်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း စစ်အစိုးရခေတ်မှာ မြန်မာ့သယံဇာတ အတော်များများကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ နှိုက်ယူခဲ့လို့ အတော် နစ်နာ ဆုံးရှုံးခဲ့ရတယ်။ သစ်တောတွေ ပြန်လည် စိမ်းလန်းလာစေဖို့ NLD အစိုးရက ပြန်လည်ပျိုးထောင်မှု လုပ်ခဲ့ရတယ်။ တခြား ကျောက်စိမ်းဒေသ၊ ကြေးနီတောင်ဒေသ၊ ပယင်းနဲ့ ရွှေထွက်ရာဒေသ၊ မြစ်ကြောင်းများတလျှောက် ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် နေရာဒေသများ၊ နိကယ်ထုတ်ယူရာဒေသနဲ့ မြန်မာနိုင်ငံအထက်ပိုင်း စိုက်ပျိုးမြေများ ငှားရမ်းထားရာ ဒေသတွေ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင် လုပ်ကိုင်နေမှုတွေဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟုတ်ကြောင်း သတင်းတွေ မကြာမကြာ ကြားသိနေရတယ်။

MOU ရေးထိုး လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းတွေကို သေချာစိစစ်မယ်ဆိုရင် တရားမဝင် တရုတ်နိုင်ငံသားတွေကို ခေါ်သွင်းလာခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေး လုပ်ကွက်တွေကို ၀င်ရောက်ထိန်းချုပ်လာနေကြတယ်။ မြန်မာအုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများအနေနဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုကို မထိန်းချုပ်နိုင်ကြရင် ရေရှည်မှာ အချုပ်အခြာအာဏာကိုတောင် ထိပါးလာနိုင်တယ်။ လိုရင်းတိုရှင်း ပြောရရင် စစ်တပ်သာ တိုင်းပြည်အာဏာကို ဆက်ရသွားရင် မြန်မာဟာ တရုတ်နယ်ချဲ့သမား လက်အောက် ကျရောက်သွားလိမ့်မယ်။

လက်ရှိ အချက် ၅ ချက်ပါ အာဆီယံ ဘုံသဘောတူချက်ဟာ တရုတ် ရေးတဲ့ ဇာတ်ညွှန်းဖြစ်တယ်။ အချိန်ဆွဲပြီး ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲများကို တဖြည်းဖြည်း အရှိန်လျော့ကျလာအောင် ရေရှည်စီမံကိန်းချလိုက်တာ ဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို သက်ဆိုးရှည်အောင် ကာကွယ်ပေးတာဖြစ်တယ်။ လက်ရှိအခြေအနေအထိ အာဆီယံက CRPH နဲ့  NUG တို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန်ထားတာ တွေ့ရတယ်။ အာဆီယံခေါင်းဆောင်အချို့ကိုယ်တိုင် အကြောင်းကြောင်းကြောင့် တရုတ်သြဇာခံ ဖြစ်နေကြတယ်။

ဒါပေမဲ့ အီးယူ အဆင့်မြင့်သံတမန် Josep Borrell ရဲ့ အီးယူကြေညာချက်မှာ အာဆီယံ ဆွေးနွေးပွဲသဘောတူညီချက် ၅ ချက်ဟာ ရှေ့တလှမ်းတက်ဖို့ တွန်းအားပေးမှုတခုလို့ ဖော်ပြထားတယ်။ ဆွေးနွေးတုန်းက သဘောတူထားတဲ့အတိုင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဆွေးနွေးပွဲမှာ CRPH နဲ့ NUG ကိုယ်စားလှယ်တွေ ပါရမယ်လို့ Josep Borrell က တောင်းဆိုထားတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့လည်း အီးယူက တောင်းဆိုထားတယ်။ လက်ရှိပြဿနာတွေကို ယုံယုံကြည်ကြည်နဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိသူ သက်ဆိုင်သူအားလုံးပါဝင်မယ့် ဆွေးနွေးပွဲတွေကို  ထောက်ခံသွားမှာဖြစ်ပေမယ့်  ပြည်သူက ရွေးချယ်ထားသူတွေကို အမြန်ဆုံးအာဏာပြန်ပေးမယ့် ဆွေးနွေးပွဲတွေ ဖြစ်ရမယ်လို့ အီးယူ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ တရုတ်နဲ့ လက်ဝါးရိုက်ပြီး ထုတ်ပြန်လာတဲ့ အာဆီယံမူ ၅ ချက်ဟာ တရုတ်ရဲ့ဗျူဟာမြောက် ထောင်ချောက် ဖြစ်ကြောင်း သတိပြုသင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ခြွင်းချက်မရှိ ချက်ချင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုရမယ်။ CRPH နဲ့ NUG အစိုးရအဖွဲ့တို့ဟာ လက်ရှိ ပြည်သူ့ ကိုယ်စားပြုအဖွဲ့ ဖြစ်တာကြောင့် ဆက်လက်ပြုလုပ်မယ့် အာဆီယံဆွေးနွေးပွဲတွေမှာ ပါ၀င်ခွင့်ရှိရမယ်။

အနှစ်ချုပ်ရရင် အာဆီယံမူ ၅ ချက်ဟာ နွေဦးတော်လှန်ရေး တဖြည်းဖြည်း အားနည်းအောင်လုပ်ဖို့ ဆင်ထားတဲ့ တရုတ်ရဲ့ ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့က သူတို့ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီကို အကာအကွယ်ပေးနေခြင်းဖြစ်တယ်။ မြန်မာ့အချုပ်အခြာအာဏာပိုင်ရှင် မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒကို အာဆီယံနဲ့ တရုတ်တို့က သေးသိမ်အောင် မှေးမှိန်ထားတာကို သတိပြုကြရမယ်။

မြန်မာ့နိုင်ငံရေးပြဿနာတစုံလုံးရဲ့ နောက်ကွယ်က လက်မည်းဟာ တရုတ် ဖြစ်တယ်။ ခေတ်သစ် နယ်ချဲ့နည်း အမျိုးမျိုးကို အသုံးပြုပြီး မြန်မာနိုင်ငံကို တရုတ်က ကျွန်ပြုဖို့ ကြိုးစားနေတဲ့အချက်ကို သတိပြုသင့်တယ်။ တရုတ်ရဲ့ အန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့အတွက် လာမယ့်အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအစီအစဉ်များဟာ တရုတ်ရဲ့ဗျူဟာမြောက် နိုင်ငံရေးထောင်ချောက် ဖြစ်တယ်။ အချိန်ဆွဲပြီး နွေဦးတော်လှန်ရေး အားပျော့လာခဲ့ရင်၊ စစ်ကောင်စီအုပ်ချုပ်ခွင့် အသာစီး ပြန်ရလာအောင် လုပ်နေခြင်းသာ ဖြစ်တယ်။ ဒီအချက်ကို အထူးသတိပြုကြစေချင်တယ်။

ဆောင်းပါးရှင်- နန္ဒလင်းရှိန်

1 week Ago

တရုတ်ကိုလိုနီ မဖြစ်စေဖို့ (ဆောင်းပါး)

၁၉၈၅-၁၉၉၂ ခု ယူဂန္ဒာနိုင်ငံ  UNDP/IBRD ပရောဂျက်တာ၀န် ကျနော် ထမ်းဆောင်နေစဉ် လမ်းပန်းဆက်သွယ်ရေး ကမ္ဘာ့ဘဏ်ပရောဂျက်ထဲ တရုတ်ကုမ္ပဏီ စတင်ထိုးဖောက် ၀င်ရောက်လာပါတယ်။

၁၉၉၄-၂၀၀၄ ခုအတွင်း ကာဇတ်စတန်၊ ကီရဂစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတွေက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ပရောဂျက်တွေမှာ တာဝန်ထမ်းဆောင်ရတဲ့အခါမှာတော့ တရုတ်ချေးငွေတွေကို ကိုယ်တိုင် ကိုင်တွယ်ထိတွေ့ ထမ်းဆောင်နေရပြီ ဖြစ်ပါတယ်။

မိုင်ထောင်ချီ‌ဝေးတဲ့ နယ်ခြားမြေခြားတွေမှာ တရုတ်အတော်များများ စီးပွားရေးနယ်ချဲ့လာကြပါတယ်။ ၂၀၀၁-၂၀၀၃ ဘောဆွားနားနိုင်ငံမှာ  ကမ္ဘာ့ဘဏ်ပရောဂျက်အောက် ဝန်ကြီးအကြံပေးအဖြစ် တာဝန်ကျတဲ့အခါ တရုတ်စီးပွားရေး အာဖရိကမှာ အခြေချလာတာကို မျက်မြင်ကိုယ်တွေ့ပါ။ ၂၀၁၇-၂၀၁၈ ဂါနာနိုင်ငံ အခွန်ဦးစီးဌာန အရာရှိတွေကို ဂျာမန်ပရောဂျက်တစ်ခုနဲ့ ကျနော် အကြံပေးသင်တန်းပို့ချရသောကာလမှာတော့ အာဖရိကတိုက်တခုလုံးကို တရုတ်က ချုပ်ကိုင်အုပ်စီးမိထားပါပြီ။ အာဖရိကတိုက်တခုလုံးကို အနောက်နိုင်ငံတို့  ဩဇာတိုးမပေါက်တော့ပါ

၂၀၁၄-၂၀၁၅ မှာ ဂျာမန်ပရောဂျက်နဲ့ တောင်ကြီးမြို့ကိုရောက်တော့ တရုတ်စီးပွားရေးသမားတွေ ကျနော်တို့တည်းတဲ့ဟိုတယ်မှာ အဝင်အထွက်များနေတာ တွေ့ခဲ့ရတယ်။ နောက် ဗြိတိသျှရံပုံငွေ ပရောဂျက်နဲ့ ၂၀၁၈-၂၀၁၉ မှာ မြန်မာကို ထပ်ရောက်တော့ တရုတ်ပိုးလမ်းမပရောဂျက်နဲ့ ဒက်ထိတိုးပါလေပြီ။ ထားဝယ်ဆိပ်ကမ်းနဲ့ SEZ အတွက် တာဝန်တခုနဲ့ ခဏသွားတော့ အဲဒီဘက်မှာ တရုတ်တွေ ခြေချင်းလိမ်လို့။

မြန်မာနိုင်ငံတွင်း တရုတ်အရင်းအနှီးက ၂၀၁၀ မှာ ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ အရပ်သားအမည်ခံ အစိုးရလက်ထက် ၂၀၁၀-၂၀၁၅ အတွင်း ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံ ပမာဏ တက်လာတယ်။ အဓိကတရုတ်တို့ ဦးစားပေးရင်းနှီးမြှုပ်နှံတာက စွမ်းအင်ကဏ္ဏ ၅၇ ရာခိုင်နှုန်းနဲ့ ဓာတ်သတ္တုတူးဖော်ရေးမှာ ၁၈ ရာခိုင်နှုန်းပါ။ လယ်ယာနဲ့ အခြားကဏ္ဍက ၈ ရာခိုင်နှုန်းမျှသာ။ ဥပမာ မြစ်ဆုံရေအားလျှပ်စစ် ပရောဂျက်တခုထဲကပင် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး  ရေလှောင်တမံဧရိယာအကျယ်၀န်းက စင်ကာပူနိုင်ငံထက်ပင် ကြီးပါတယ်။

၁၇၀၀ ကီလိုမီတာရှည်လျားတဲ့ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းမကြီးက တရုတ်ယူနန်နယ်မှစပြီး မန္တလေးဖြတ်ကာ ကျောက်ဖြူဆိပ်ကမ်းအထိ ရှည်လျားတယ်။ အမြန်မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ပြီး၊ မန္တလေး မူဆယ်လမ်းကိုလည်း အဆင့်မြှင့် ပြုပြင်ဖောက်လုပ်ဖို့လည်း ပါ၀င်တယ်။ ကီလိုမီတာ ၇၇၀ ရှည်လျားတဲ့ ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းပရောဂျက်က ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတယ်။ တရုတ်ရဲ့ အကြွေးထောင်ခြောက်က  မြန်မာတနိုင်ငံလုံး တင်ရှိနေတဲ့ အကြွးပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။                                                                                                             မြစ်ဆုံရေကာတာစီမံကိန်းက ဧရာဝတီရဲ့ ရေကြောင်းစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်မှုတွေ ဖြစ်လာမှာမို့ ပညာရှင်တွေ မီဒီယာတွေက စိုးရိမ်ပူပန်စွာနဲ့ အမျိုးသားရေးကိစ္စအဖြစ် ကန့်ကွက်ခဲ့ကြတယ်။

NLD ပြည်သူ့အစိုးရလက်ထက်မှာလည်း တချို့မဟာပရောဂျက်ကြီးတွေကို ချုံ့ပစ်၊ တချို့ကို ဆက်လက် ဆိုင်းငံ့ထားတာ တွေ့ရတယ်။ စစ်အစိုးရလက်ထက်ကစလိုက်တဲ့ မဟာပရောဂျက် (mega project) တွေဟာ စီးပွားရေး လူမှုရေး (socio-economic impact assessment) စိစစ်မှုနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုစိစစ်မှု (environmental impact assessment) ကောင်းစွာမလုပ်ခဲ့တဲ့အတွက် ပရောဂျက်ဒီဇိုင်း ပြန်လည်စိစစ်ဖို့တွေ လိုအပ်နေတာ အမှန်ပါပဲ။

၁၉၈၈ နောက် အာဏာသိမ်းစစ်အစိုးရလက်ထက်ကစပြီး တရုတ်ဆီက စစ်လက်နက်ပစ္စည်းတွေကို အကြွေးနဲ့ ဝယ်ယူခဲ့ပါတယ်။ ၂၀၁၄ မှ ၂၀၁၈ ခုအတွင်း တင်သွင်းခဲ့တဲ့ စစ်လက်နက်ပစ္စည်း ၆၁ ရာခိုင်နှုန်းက တရုတ်မှ ဖြစ်တယ်။ မြန်မာမှာ တရုတ်ရဲ့ စီးပွါးရေးရင်းနှီးမြှပ်နှံမှုကလည်း ထိပ်ဆုံး  ၂၅ ရာခိုင်နှုန်း ရှိပါတယ်။

နိုင်ငံရေးအားဖြင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖဲချပ်ကို ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တရုတ်က ပါးနပ်စွာကိုင်ထားတယ်။ ဝ၊ မုန်းလ၊ ကိုးကန့်နယ်တို့က ယူနန်ပြည်နယ်နဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နီးစပ်မှုရှိပြီး တရုတ်ဘာသာစကား တရုတ်ငွေကြေးတို့ သုံးစွဲ ရောင်းဝယ်ဖောက်ကားကြတယ်။ အင်အားကြီးလာတဲ့ ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSP) ကို တရုတ်က နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှာ လိမ်မာပါးနပ်စွာ ဆက်ဆံကိုင်တွယ်ထားပါတယ်။

မြန်မာ့ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီး တနှစ်ကျော် ၁၉၈၉ မေ-ဇွန်လအတွင်း ဖြစ်ပွားတဲ့ ပေကျင်း ရင်ပြင်နီကျောင်းသားအရေးအခင်းနဲ့ပတ်သက်လို့ ထောက်လှမ်းရေး ခင်ညွန့်က ရန်ကုန်က တရုတ်ပရောဂျက်မှာ တရုတ်အင်ဂျင်နီယာတွေကို တရုတ်အစိုးရနဲ့အတူ မိမိတို့ ထပ်တူရှိကြောင်း မိန့်ခွန်းနဲ့ အစပြုပြီး ဆွေမျိုးပေါက်ဖော် အထူးဆက်ဆံရေး ပြန်လည်စတင်ခဲ့တယ်။

ရလဒ်က ၁၉၈၉ အောက်တိုဘာမှာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးရှိ တိုက်လေယာဉ်နဲ့ လေယာဉ်ပစ်အမြောက်၊ တင့်ကား၊ ဆက်သွယ်ရေး တရုတ်စစ်လက်နက်ပစ္စည်းတွေ တင်သွင်းဖို့ မြန်မာစစ်တပ်က တရုတ်ချေးငွေ ရလိုက်ခြင်းပါ။

နိုင်ငံတကာမျက်နှာစာတွေကိုကြည့်ရင်လည်း တရုတ်က စီးပွားရေးကို ဦးစားပေးတည်ဆောက်ပြီး အနောက်နိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်ဖို့ ကြိုးစားနေတာ တွေ့ရပါမယ်။ အာရှရင်းနှီးမြှပ်နှံမှုဘဏ် (AIB) ကို တည်ထောင်ပြီး၊ စီးပွားရေးအုတ်မြစ်ပေါ်ကတဆင့် စစ်ရေးနဲ့ နိုင်ငံရေးဩဇာ ထူထောင်လာပါတယ်။

နယ်မြေစိုးမိုးရေးအတွက် ကမ္ဘာပတ်ပိုးလမ်းမပရောဂျက်ကို စတင်တယ်။ တရုတ်ချေးငွေကို ဗုံးပေါလအောပေးပြီး၊ ကာယကံရှင်နိုင်ငံတွေ အကျိုးအမြတ်နည်းသလို ပြန်ပေးဆပ်နိုင်စွမ်းမရှိမှု ကြုံရတယ်။ သီရိလင်္ကာဆိပ်ကမ်းပရောဂျက်ဆိုရင် ကာယကံအိမ်ရှင်နိုင်ငံက ကြွေးမဆပ်နိုင်လို့ တရုတ်လက်ထဲ လုံးဝထိုးအပ်လိုက်ရတာ ဟိုးလေးတကျော်ပါပဲ။

ကျနော့်အတွေ့အကြုံကတော့ မြန်မာမှာ ပိုးလမ်းမစီမံကိန်းကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုရင်လည်း၊ ပရောဂျက်ကျခံငွေကို နိုင်ငံတကာတင်ဒါခေါ်ယူဖို့နဲ့ တရုတ်ရဲ့ပြင်ပ တခြားချေးငွေ ရှာကြံဖို့တိုက်တွန်းခဲ့ဖူးပါတယ်။ တရုတ်ကတော့ အိန္ဒိယကို ဝိုင်းပတ်ထားရေးနဲ့ အရှေ့တောင်အာရှစီးပွားရေးကို အသုံးချဖို့အတွက်  မြန်မာက ကျောက်ဖြူဆိပ်ကမ်း(SEZ)နဲ့ ထား၀ယ်ဆိပ်ကမ်း(SEZ) တို့က သူ့အတွက် မဟာဗျူဟာအရေးပါနေပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေးတည်ငြိမ်ရေး၊ သဘာဝသယံဇာတနဲ့  စွမ်းအင်ရရှိရေးတို့က တရုတ်အတွက် အရေးကြီးပါတယ်။

တရုတ်က မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် တည့်အောင်ပေါင်းမှာပါပဲ။ သို့သော် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လေးစားတဲ့အစိုးရ တက်ရင်၊ အနောက်နိုင်ငံနဲ့ နီးစပ်သွားလို့ တရုတ်တို့ ဘာကိုမှ အချောင်နှိုက်လို့ ရမှာမဟုတ်။ လက်ရှိ စစ်အာဏာရှင်နဲ့ဆိုရင်တော့ သူတို့ကို နိုင်ငံတကာမှာ အကာအကွယ်ပေးထားပြီး၊ တိုင်းပြည်သဘာဝသယံဇာတ အရင်းအမြစ်တွေကို တရုတ်က ဈေးပေါပေါနဲ့  ရနိုင်ခွင့်ရှိနေမယ်။ ယူနန်ကုန်းပိတ်ဒေသအတွက် ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာကို ယူသွားမှာပဲ ဖြစ်တယ်။ အခုအခါမှာ တရုတ်က အာဆီယံကို ချည်းကပ်ပြီး စစ်ဗိုလ်ချုပ်တွေကို အချိန်ဆွဲပေးထားဖို့၊ တဖြည်းဖြည်း စစ်ကောင်စီကို တရားဝင်မှုပေးဖို့ ညှိနှိုင်းအဖြေရှာ ထွက်ပေါက်ပေးဖို့ ကြံစည်နေပါတယ်။

တချက်ကလည်း တရုတ်က မြန်မာတနိုင်ငံလုံး တရုတ်မုန်းတီးရေး ပိုမိုကြီးထွားလာပြီး၊ တရုတ်စီးပွါးရေး ရေရှည် ထိခိုက်မှန်းသိပါလျက် စစ်သူပုန်တွေကို အကာအကွယ်ပေးနေတာက အနောက်ကြောက်ရောဂါ ကြောင့်လည်း ဖြစ်လိမ့်မယ်။ စစ်သူပုန်ကလည်း တရုတ်က အကာအကွယ်မပေးရင် ခွေးပြေးဝက်ပြေး ပြေးရမည်မှန်းသိတော့ တရုတ်အကာအကွယ်ကို ကောက်ရိုးတမျှင်မျှ ဖမ်းဆုပ်ထားမှာပါပဲ။ ဒီသုံးလအတွင်းမှာတော့ သစ်ကားတွေ ကျောက်မျက်ကားတွေ ယူနန်ဘက် အုံလိုက်တက်နေတာလည်း အားလုံးအသိပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံ တရုတ်ကိုလိုနီအောက် လုံးဝ မကျရောက်ဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒီမိုကရေစီလူထု၊ ဖက်ဒရယ်တပ်မတော်တို့ နွေဦးတော်လှန်‌ရေးကို ဟန်ချက်ညီညီ ဆက်တိုက်ပြီး၊  စစ်သူပုန်တွေကို အဆုံးသတ်ဖြိုချကြရမှာပဲ ဖြစ်ပါတယ်။

မျိုးညွန့် (မက္ကရိုစီးပွားရေးပါရဂူ)

Photo Credit- Xinhua

2 weeks Ago

ဘာကြောင့် စစ်ကောင်စီကို တရုတ်က ရပ်ခံကာကွယ်နေတာလဲ (ဆောင်းပါး)

ဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ အာဏာသိမ်းမှုကို အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ  ၇၃၀ ကျော် လောက် အာဏာသိမ်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ၃၀၀၀ ကျော်ဖမ်းဆီးထောင်ချခံနေရပါတယ်။

ဒီလိုအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ရိုင်းပြစွာ ဖိနှိပ်သတ်ဖြတ်နေမှုကို ကမ္ဘာကြီးက ဝိုင်းဝန်းကန့်ကွက်နေကြပေမယ့် တားဆီးပိတ်ပင်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဒီလိုဆိုးဝါးလှတဲ့ မြန်မာနိုင်ငံမှာ တရားမဲ့သတ်ဖြတ်ဖမ်းဆီးမှုပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၃ ကြိမ်တိုင် တံခါးပိတ်ဆွေးနွေးခဲ့ပေမယ့် ထိရောက်စွာ တားဆီးနိုင်တဲ့ဆုံးဖြတ်ချက် တစုံတရာ မချမှတ်နိုင်ခဲ့ကြပါဘူး။

အဓိကအားဖြင့် ဗီတိုအာဏာသုံးစွဲကန့်ကွက်နိုင်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ ပယ်ချနေမှုကြောင့်ဖြစ်ပါတယ်။ တပြည်လုံးကို အင်အားသုံးပြီး တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပစ်လိုက်တဲ့ အနေအထားကို တရုတ်ရဲ့ကန့်ကွက်မှုကြောင့် “စစ်အာဏာသိမ်းမှု” လို့တောင် လုံခြုံရေးကောင်စီက မသုံးစွဲရဲခဲ့ပါဘူး။

တရုတ်ရဲ့သဘောထားက မြန်မာပြည်မှာ စစ်ကောင်စီရဲ့ အာဏာလွှဲပြောင်းရယူမှုဟာ ပြည်တွင်းရေးပြဿနာဖြစ်လို့ ဘယ်ပြင်ပနိုင်ငံတွေကမှ ဝင်ရောက်စွက်ဖက်စရာမလိုဘူး။ ပြည်တွင်းမှရှိတဲ့ စစ်ကောင်စီနဲ့ NLD ပါတီု့အချင်းချင်းပဲ ညှိနှိုင်း ဆွေးနွေးဖြေရှင်းကြဖို့ လိုအပ်တယ်။ တရုတ်ပြည်အနေနဲ့ စစ်ကောင်စီနဲ့ရော NLD ပါတီနဲ့ပါ  ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေလို့ ဘယ်ဘက်ကမှ မပါဘူး။ ကြားဝင်စွက်ဖက်မှုမပြုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားကြဖို့ပဲ လိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို လေးစားလိုက်နာရမယ်လို့ သဘောထားတင်ပြခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့အားဖြင့် စစ်ကောင်စီကချိုးဖောက်ခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ မညီညွတ်ဘဲ စစ်အင်အားသုံး၊ တပြည်လုံးကို အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်ပြီး စစ်အင်အားနဲ့ အချုပ်အခြာအာဏာကို လုယက်သိမ်းပိုက်တာဖြစ်ပါတယ်။ ဒီလိုမတရားအာဏာ သိမ်းပိုက်မှုကိုကန့်ကွက်ဆန့်ကျင်တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို တရားလက်လွတ် လမ်းပေါ်မှာ အိမ်ထဲမှာ ကလေးလူကြီးမကျန် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် နှိမ်နင်းနေကြခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်ဆင်လုယက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တရုတ်က ဘာကြောင့် အခုလို သဲကြီးမဲကြီး ခုခံကာကွယ်ပေးနေရပါသလဲ။

အိန္ဒိယသမုဒ္ဒရာမှာ ထွက်ပေါက်ရှာနေတဲ့ တရုတ်အတွက် မဟာဗျူဟာကျတဲ့ မြန်မာပြည်ကို စိုးမိုးခြယ်လှယ်ခွင့်ရရေးဟာ သူ့ရဲ့လမ်းကြောင်းတကြောင်း၊ ရပ်ဝန်းတခု (OBOR) ကမ္ဘာလုံးဖြန့်ကြက်စိုးမိုးရေးစီမံကိန်းကြီးအတွက် အလွန်အခရာကျပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တက်လာတဲ့အစိုးရမှန်သမျှကို ခါးပိုက်ထဲထည့်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်နဲ့ လည်ပင်းဖက် ပေါင်းသင်းခဲ့သလို၊ အရပ်သားတပိုင်း NLD အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရထက်စာရင် စစ်အစိုးရတွေနဲ့ပူ ပူးပေါင်းဆောင်ရွက်ရတာ တရုတ်အတွက် လိုတရ မဟာသြဿဓဆေး ကိုမှီဝဲရသလိုပါပဲ။ မြန်မာပြည်ကလိုချင်တာမှန်သမျှ ရနိုင်ပါတယ်။ မိန်းမတောင် ဖဲပေါင်ရိုက်တဲ့ စစ်အစိုးရတွေကလည်း တရုတ်ကိုလာပါ၊ လာပါ၊ ပေါက်ဖော်ကြီးရဲ့ဆိုပြီး ခြင်ထောင်လှန်ဖိတ်ခေါ်နေတာပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဧရာဝတီကို ရောင်းစားတဲ့ မြစ်ဆုံစီမံကိန်းကြီး ပေါ်ပေါက်ခဲ့ရတာပါ။ မြစ်ဆုံစီမံကိန်းကို စစ်အစိုးရတွေ လက်ထက်မှာ တရုတ်ကို ရောင်းစားခဲ့တာပါ။ ဘယ်လောက်ပေါပေါပဲပဲနဲ့ ထိုးရောင်းခဲ့သလဲဆိုတာကို  အမျိုးသားသင့်မြတ်ရေး NLD အစိုးရတောင် ပြည်သူလူထုကို ချမပြရဲခဲ့ပါဘူး။

NLD အစိုးရကလည်း တရုတ်နဲ့  OBOR စီမံကိန်း စာချုပ်တွေချုပ်ဆိုခဲ့ရပါတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေ  နှေးကွေးလေးလံလွန်းလို့ တရုတ်အစိုးရ အတော်စိတ်ပျက် ငြီးငြူခဲ့ရပါတယ်။ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို NLD အစိုးရက ၁ ဒသမ ၅ ဘီလီယံသာလုပ်မယ်ဆိုပြီး လျှော့ချဖြတ်တောက်လိုက်ချိန်မှာတော့ တရုတ်အစိုးရ ဒေါသယမ်းအိုးကြီး ပေါက်ကွဲသွားခဲ့ရပါပြီ။

ပညာရှင်တချို့ရဲ့ကောက်ချက်ကတော့ အဲ့ဒီအချိန်မှာ တရုတ်က ဆွန်ကော့ရှန်ဟာ AA ကို ရခိုင်ဘက်ကြိုးဖြေလွှတ်ပေးလိုက်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒီလိုအခြေအနေနဲ့ အတွေ့အကြုံ အရပ်ရပ်အောက်မှာ တရုတ်က စစ်ကောင်စီဘက်က ရပ်ခံကာကွယ်ပေးနေတာ မဆန်းပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသိအမှတ်ပြုပြီး ဆွေးနွေးညှိနှိုင်းဖြေ ရှင်းရေး၊ တရုတ်ရဲ့လမ်းကြောင်းဟာလည်း ဘယ်တော့မှ ဖြစ်မြောက်လာဖွယ်မရှိပါဘူး။

ပြည်သူသန်း ၅၀ ကျော်ရဲ့ တိုက်ပွဲဝင်မျှော်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် မြေမြုပ်သင်္ဂြိုဟ်ရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးသာ ဖြစ်ပါတယ်။

မင်းရဲကျော်စွာ

2 weeks Ago

အားကစား

အနုပညာ

မင်းသားဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ဆက်လက်စိစစ်ရန် နေအိမ်တွင်ထားရှိဟု စစ်ကောင်စီ သတင်းထုတ်

သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ  ခရစ္စတီးနားခီတို့ကို စစ်ဆေးဖို့  ရန်ကုန်လေဆိပ်မှာ ခေတ္တတားမြစ်ခဲ့ပြီး ဆက်လက်စိစစ်နိုင်ဖို့ နေအိမ်မှာ  ပြန်လည်နေထိုင်စေခဲ့ တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ဒီကနေ့ ဧပြီ ၂၂ ည ၈ နာရီသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က  မင်္ဂလာဒုံလေဆိပ်မှာ MAI လေကြောင်း ခရီစဉ်အမှတ် 8M-335 နဲ့ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမယ့်  မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား Mr.Alfred Soe Chan Kyi(ခ) ဇဏ်ခီ၊ ဇနီး ခင်ဝတ်မှုန်ဦး(ခ) ခရစ္စတီးနားခီ၊ သားဖြစ်သူ Mr.Noah Lynn Htet Kyi နဲ့ အိမ်အကူ မလဗျဂျာဆိုင်းနန်တို့ ၄ ဦးကို စိစစ်နိုင်ဖို့ သူတို့ လိုက်ပါမယ့်ခရီးစဉ်ကို  ခေတ္တတားမြစ်ထားရှိခဲ့တာလို့ဆိုပါတယ်။

သူတို့နဲ့ပတ်သက်ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့  ဧပြီလ ၁၇ ရက်နေ့မှာဘဲ သူ့မိသားစုနေထိုင်တဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ကွန်ဒိုမှာ  ပြန်လည်နေထိုင်စေတယ်လို့  MRTV နဲ့ မြဝတီသတင်းမှာ ကြေညာ ထုတ်ပြန်ထားပါတယ်။

2 weeks Ago

အဆိုတော်ဟန်နေတာ အပါအဝင် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့်ထပ်မံအမှုဖွင့်

အဆိုတော် ဟန်နေတာနဲ့ တက်ကြွလှုပ်ရှား Generation Wave ဥက္ကဋ္ဌ ကိုမိုဃ်းသွေးအပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၂၀  ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံထားရသူတွေအထဲမှာ နှင်းပွင့်ဖြူ၊ ဟန်နေတာ၊  အောင်ကိုငြိမ်း ( J Fire) ၊ မင်းအောင်ခိုင် (ခ) အောင်ခိုင်ဆွေ၊ သူရသက်တင်၊ နီလာစိန်၊ သိန်းဇော်၊ ရွှေရည်ဦး၊ ဇွဲလှိုင်မှီ၊ သက်ပိုင်၊ ဝင့်ဝါထွန်း၊ စိုင်းလောင်လျန်းပန်၊ မိုးတိမ်၊ အောင်ကျော်မိုး၊ ဟန်စိုး၊ ဟိန်းရာဇာထွန်း၊ နီလာဝင်း၊ ကိုဂျွန်၊ ခင်ဇော်နဲ့ မိုဃ်းသွေး ပါဝင်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့ လှုံ့ဆော်တာ၊ CRPHကိုထောက်ခံတာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေဖို့  အများပြည်သူအထိတ်တလန့်ဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို လူမှုကွန်ရက် စာမျက်နှာမှာ  ဖော်ပြ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

Photo Credit- Hannaytarr FB

2 weeks Ago

ဆောင်းပါး၊ မေးမြန်းခန်း၊ အယ်ဒီတာအာဘော်

ရုပ်သံသတင်း

COVID-19

ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၁ သန်းကျော်လာ

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ သန်းကျော်လာခဲ့ပြီးနောက် အာဆီယံဒေသတွင်း နိုင်ငံတွေထဲ သန်းချီကူးစက်ခံရတဲ့ နိုင်ငံ၂ နိုင်ငံထိ ရှိလာပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၅၂ သန်းကျော်၊ သေဆုံးသူ ၃၂ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ သန်း ၁၃၀ ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၉ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၁ သောင်း ကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄ ဒသမ ၇ သန်း ကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ကူးစက်ခံရသူ ၅ သန်းကျော်၊ တူရကီ၊ ရုရှား၊ ယူကေနဲ့ အီတလီနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ စပိန်နဲ့ ဂျာမနီ နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပိုလန်၊ အီရန်၊ မက္ကဆီကိုနဲ့ ယူကရိန်းနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပီရူး၊ အင်ဒိုနီးရှား၊ ချက်သမ္မတနိုင်ငံ၊ တောင်အာဖရိက၊ နယ် သာလန်၊ ကနေဒါ၊ ချီလီ၊ အီရတ်၊ ရိုမေးနီးယားနိုင်ငံတွေနဲ့အတူ ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံထိ ရှိလာ ခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၉၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံ တွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၈၃၁ ယောက်၊ သေဆုံးသူ ၃,၂၀၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၉၇၂ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ သိန်း ကျော်နဲ့ သေဆုံးသူ ၁,၅၂၁ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၆ သောင်း ၇ ထောင်ကျော်နဲ့ သေဆုံးသူ ၂၂၄ ယောက် ရှိနေပါ တယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်း ၁ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃,၇၉၀ ယောက်နဲ့ သေဆုံးသူ ၉၆ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၉၄၂ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၇ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၈၂၁ ယောက် ရှိနေပေမယ့် သေဆုံး လူနာ ခုချိန်ထိ မရှိသေးပါဘူး။

3 days Ago

တာချီလိတ်တွင် ထိုင်းမှပြန်လွှဲပေးသူ ၅ ဦး ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ကတဆင့် နေရပ်ပြန်လည်လွှဲပြောင်းခံရသူ တွေထဲက ၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ  စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှ ထိုင်းနိုင်ငံက လွှဲပြောင်းလာသူ ၄၁ ဦးထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို မြန်မာတာဝန်ရှိသူတွေက test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေတွေ့ရှိတာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရသူတွေကိုတော့ သီးသန့်ထားရှိပြီး ဆက်လက်ကုသဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာပြည်တွင်းကို ပြန်လာသူတွေ အထဲက အခုလိုနေရပ်ပြန်လွှဲပြောင်းသူတွေမှာ ကိုဗစ်-၁၉  ကူးစက်ခံထားရသူတွေပါလာတာ အခုနှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် မြို့တွေအတော်များများမှာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ မြင့်တက်နေတာဖြစ်ပါတယ်။

2 weeks Ago
Up