DVB Logo
Home
မြန်မာသတင်း
ရှင်ကွဲကွဲနေသည့်မိဘများနှင့် သားပျောက်ရှာမိခင်များ ရှင်မကွဲဘုရား၌ ဆုတောင်း
DVB
·
July 10, 2025
ရှင်ကွဲကွဲနေသည့်မိဘများနှင့် သားပျောက်ရှာမိခင်များ ရှင်မကွဲဘုရား၌ ဆုတောင်း
Donate to DVB

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့က ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးတွေနဲ့ စည်းကားခဲ့သလို  ရှင်မကွဲဘုရားမှာလည်း ရှင်ကွဲကွဲနေကြတဲ့မိဘတွေ၊ သားပျောက်၊ သမီးပျောက်မိခင်တွေ လာရောက် ဆုတောင်းခဲ့ကြပါတယ်။

ဇူလိုင် ၉ ရက် ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်သူ ဘုရားဖူးတွေ အများအပြား လာရောက်ကြတဲ့အထဲ ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါထောင့်အနီးက ရှင်မကွဲဘုရားမှာ ရှင်ကွဲကွဲပြီး ပျောက်ဆုံးနေတဲ့ သား‌ပျောက်မိခင်တွေ သားသမီးတွေကို ပြန်တွေ့ဖို့နဲ့ အဝေးရောက်သားသမီးတွေ ရှင်ကွဲမကွဲကြဖို့ လာရောက် ဆုတောင်းနေကြတာပါ။

ပြီးခဲ့တဲ့ မေလအတွင်း ထန်းတပင်မြို့နယ်ကနေ လှိုင်သာယာစက်ရုံမှာ အလုပ်ဆင်းရင်း ပျောက်ဆုံးသွားတဲ့ ၁၆ နှစ်အရွယ် သမီးပျိုရဲ့ မိခင်က သမီးဖြစ်သူ ပျောက်ဆုံးသွားတဲ့ မိခင်သောကကို အခုလို ပြောပါတယ်။

“ကိုယ်က ကောက်လေးဘာလေး စိုက်တာပေါ့နော်။ အဲ့ကြားထဲကလည်း အဲလိုပဲ ဟိုရှာ၊ ဒီရှာနဲ့  သုံးလေးသိန်းလောက် ကုန်တာပေါ့။ ဒါပေမဲ့ အစအနရှာမရဘူး။ ကိုယ်က လိုင်းတွေဘာတွေလည်း မသုံးတတ်ဘူး။ ဘာမှလည်းမလုပ်တတ်ဘူး။ တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းမရှိဘူး။ ကိုယ့်သမီးလေး ပြန်လာဖို့ပဲ ဘုရားမှာ အမြဲပဲဆုတောင်းတာပေါ့။ အိမ်ကဘုရားမှာလည်း အမြဲတမ်း ဆုတောင်းတယ်။ အမြန်ဆုံး ပြန်ရပါစေလို့ပဲ ဆုတောင်းတာပေါ့။”

အဲဒီ ကလေး ၃ ယောက် မိခင်ဖြစ်သူဟာ ရန်ကုန်တိုင်းအတွင်း ဧက ၁၁ သိန်းရှိတဲ့ လယ်ယာလုပ်ငန်းခွင်က ကောက်စိုက် လယ်ယာအလုပ်သမတယောက်ဖြစ်ပြီး မိသားစုစီးပွားရေး မပြေလည်လို့ သမီးအကြီးဆုံးက ကျောင်းထွက်ပြီး စက်ရုံဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် မိခင်တယောက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင် အဆင်မပြေလို့ တရုတ်နိုင်ငံမှာ ၂ နှစ်နီးပါး အလုပ်သွားလုပ်နေတဲ့ အသက် ၂၈ နှစ်အရွယ် သမီးအတွက် ရွှေတိဂုံရင်ပြင်က ရှင်မကွဲဘုရားမှာ လာရောက်ဆုတောင်းနေခဲ့ပြီး အခုလို တိုင်းပြည်မတည်ငြိမ်တဲ့အချိန်မှာ အဝေးရောက်နေတဲ့သမီးနဲ့ ပြန်မတွေ့နိုင်မှာကို စိုးရိမ်နေပါတယ်။

“လက်ရှိအခြေနေကတော့ အဝေးမှာသွားနေတဲ့ သမီးအတွက် ဆုတောင်းချင်တာပါ။ စိုးရိမ်တာပေါ့ သမီးရယ်၊ အဝေးမှာဆိုတော့။ နိုင်ငံရေးမကောင်းတော့ စိုးရိမ်တယ်။ တရုတ်ပြည်မှာ သွားအလုပ်လုပ်တာ။ စိုးရိမ်တယ်။ မိဘမပြေလည်တော့ သူစွန့်ထွက်သွားတာပေါ့။ ဒီက သားအမိတွေ နှစ်ယောက်တည်းဆိုတော့။ မပြေလည်တော့ သူစွန့်ထွက်သွားတာပေါ့။”

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ထောင်မတ်လာတဲ့ အနေအထား မရှိခဲ့ဘူးလို့ ကမ္ဘာ့ဘဏ်က သုံးသပ်ခဲ့သလို ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်မားလာတဲ့အတွက် အများပြည်သူတွေမှာ စားနိုင်သောက်နိုင် ဝယ်နိုင်ခြမ်းနိုင်တဲ့ အခြေအနေတွေ ကျဆင်းခဲ့ပါတယ်။

ဒါကြောင့် လူငယ်တွေ၊ အမျိုးသမီးတွေဟာ မိမိတို့ဒေသမှာ အသက်မွေးလုပ်ငန်း ခက်ခဲလာတဲ့အတွက် မွေးရပ်ကို စွန့်ခွာဖို့ ကြိုးစားလာကြရင်း မိဘဆွေမျိုးသားချင်းတွေနဲ့ အဆက်သွယ် ပြတ်လာခဲ့ကြပါတယ်။

အခုလို ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့ ဝါဆိုလပြည့်နေ့မှာ ဘုရားတက်၊ ကုသိုလ်ယူ၊ အလှူဒါနပြုရင်း မအေးချမ်းနိုင်ကြတော့ဘဲ သားပျောက် သမီးပျောက်တွေနဲ့ ရှင်ကွဲကွဲရတဲ့ အနေအထားမှာ ရင်ပြင်တော်ပေါ်က ရှင်မကွဲဘုရားကို လိုက်ရှာရင်း ငိုယိုဆုတောင်းနေကြရတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013