
အညာဒေသ ပဋိပက္ခများအား ခြေရာခံခြင်း
အညာဒေသဟာ မြန်မာတို့ရဲ့ သမိုင်းကြောင်းအစဉ်အလာ မြစ်ဖျားခံရာဖြစ်ပြီး ခေတ်အဆက်ဆက် ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဗဟိုချက်မအဖြစ် တည်ရှိခဲ့တဲ့ဒေသ ဖြစ်ပါတယ်။
ပထဝီဝင်အနေအထားအရ ယနေ့ခေတ် အညာဒေသကို မြို့နယ် ၅၄ ခုနဲ့ ပိုင်းခြားသတ်မှတ်နိုင်ပြီး စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း အနောက်ပိုင်းနဲ့ အလယ်ပိုင်း၊ နေပြည်တော်ရဲ့ မြောက်ပိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်အများစု ပါဝင်ပါတယ်။ အညာဒေသဟာ နိုင်ငံ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံနီးပါး ရှိပြီး အများစုဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြသူတွေ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက တည်ငြိမ်မှုရှိခဲ့တဲ့ အညာဒေသဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်စွဲကိုင် တော်လှန်မှု အားကောင်းလာသလို တဘက်မှာလည်း စစ်တပ်ရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြည်သူတွေဟာ ခါးစည်းပြီး ခံနေကြရပါတယ်။
အခုဒက်ရှ်ဘုတ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားမဝင် ရွေးကောက်ပွဲကတဆင့် မိမိဘာသာ သမ္မတအဖြစ် ပြန်လည်ခန့်အပ်ချိန်ကစပြီး ဖြစ်ပွားခဲ့တဲ့ အညာဒေသက ပဋိပက္ခဖြစ်စဉ်တွေကို မှတ်တမ်းပြုစုထားတာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို စိစစ်ပြီး အချက်အလက်အခြေပြု ဒက်ရှ်ဘုတ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုတွေ၊ နေအိမ်မီးရှို့မှုတွေနဲ့ ဖမ်းဆီးမှုဖြစ်စဉ်တွေကို တည်နေရာနဲ့တကွ ဖော်ပြပေးထားပါတယ်။
အခုဒက်ရှ်ဘုတ်ကို သတင်းသမားတွေ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းပြုစုနေသူတွေနဲ့ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ရရှိနိုင်သမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး ပြုစုထားပေမဲ့ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်နိုင်ဖို့ အခက်အခဲရှိတာကို ဂရုပြုသင့်ပါတယ်။ အခုဒက်ရှ်ဘုတ်မှာ ဖော်ပြထားတဲ့ ဖြစ်စဉ်တွေရဲ့ တည်နေရာတွေဟာ ဖြစ်ပွားခဲ့တဲ့ နေရာအတိအကျထက် ဧရိယာအပိုင်းတခြားတခုအတွင်း ဖြစ်ပွားခဲ့မှုကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။
အခုဒက်ရှ်ဘုတ်ရဲ့ ပထဝီဝင်ဆိုင်ရာ အချက်အလက်တွေကို မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ထံကနေ အသုံးပြုထားပါတယ်။
ဒက်ရှ်ဘုတ်အသုံးပြုနည်းလမ်းညွှန်ကို https://rebrand.ly/dzwmanual တွင် ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

