
ဇူလိုင် ၇ ရက်၊ သွေးမြေသက်၍
ဖြစ်ပျက်ပေါင်းစုံ၊ ရေးတော်ပုံကြောင့်
ရင်အုံငလျင်၊ ရင်ပြင်အနီ
တက္ကသီလာ၊ မြကျွန်းသာဝယ်
ကမ္ဘာလဆန်း၊ ချိန်ဖြတ်သန်းလည်း
ဥဒါန်းမကျေ။ ။
ဇူလိုင် ၇ ရက် အရေးတော်ပုံဟာ စစ်အာဏာရှင်တွေ ပထမဆုံး စစ်အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ၆၃ နှစ်ရှိပြီ။ ကျောင်းသားပေါင်း ၁၀၀ ကျော်ကို စစ်တပ်က အော်တိုမောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်သတ်ခဲ့တယ်။ ဇူလိုင် ၈ ရက် မနက် လင်းအားကြီးမှာလည်း လွတ်လပ်ရေး သမိုင်းဝင် တကသ ယူနီယံ အဆောက်အဦကြီးကို စစ်တပ်ကပဲ ဒိုင်းနမိုက်တွေကပ် ဖောက်ခွဲလိုက်တယ်။ ပြာပုံကြီး အုတ်ပုံကြီး ဖြစ်သွားခဲ့တာ ၆၃ နှစ်ရှိပြီ။ ဖြစ်ပျက်ကုန်စင် သမိုင်းစဉ်ကို အားလုံးကလည်း ပြောနေကြပါပြီ။ ဒါကြောင့် 7 JULY သမိုင်းရာဇဝင်ကို မပြောတော့ပါ။ 7 JULY ကြောင့် ရင်မှာပေါက်ဖွား နှစ်စဉ် ပေါ်ထွက်လာသော ကဗျာလေးများကိုသာ ရှာဖွေဖော်ထုတ်ပါမယ်။ ပထမဆုံးကတော့ ဆဲဗင်းဇူလိုင် အရေးတော်ပုံ တနှစ်ပြည့်က ရေးသားခဲ့တဲ့ ကဗျာဆရာကြီး ကြည်အောင်ရဲ့ကဗျာပါ။
တိုက်ပွဲခေါ်သံ
လင်္ကာဆုံးလျှင်၊ ကျောင်းလုံးပဲ့ထင်
ဒေါင်းသံလွင်လျှက်။
ယနေ့ ယနေ့ ၊ ဇူလိုင် ၇ ရက်နေ့
မမေ့နိုင်ဘူး၊ ဒို့မမေ့ဘူး။
ကျောင်းသားသတ်ပစ်
ဖက်ဆစ်ရူး၊ ဒို့မမေ့ဘူး။
ကျောင်းသားသမဂ္ဂ၊ ဖွဲ့စည်းခွင့်
ဒို့အခွင့်အရေး၊ အမြန်ပေး။
ဟစ်ကြွေးဆန့်တန်း၊ လက်မောင်းတန်းလျှက်
စီတန်းလှည့်လည် လာကြပြီ။
ကျောင်းသားကျောက်တိုင်၊ ကမ္ပည်းတိုင်သို့
တူပြိုင်ရှေ့ရှု၊ ကျောင်းသားထုသည်
လေးပြုချီတက်သွားသတည်း။
တပ်ဦးရှေ့တွင်၊ ကျောင်းသူခင်သည်
နီလွင့်လွင့်ပျံ၊ ခွပ်ဒေါင်းလံကို
မြဲမြံကိုင်လျှက်၊ ရှေ့ချီတက်ပြီ
ဆက်လက်တိုက်ပွဲဝင်ရမည်။ ။
ကြည်အောင်
၁၉၆၃ ခု၊ ဇူလိုင် ၇ ရက် နှစ်ပတ်လည်နေ့၊ သပြေရိပ်သာ။
စစ်အာဏာရှင်ကြီး ဦးနေဝင်းက "မြေပေါ်ကွန်မြူနစ် အဆောက်အဦကြီး ဖြစ်နေတဲ့ ဒီကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို မမြင်ချင်ဘူးလို့ ပြောခဲ့ပြီး ဖောက်ခွဲခိုင်းခဲ့တာလို့ ဆိုပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက် ညမှာ မြန်မာ့အသံကနေပြီး စစ်အာဏာရှင်ကြီး ဦးနေဝင်းက ဓားဓားချင်း လှံလှံချင်း ဆိုပြီး အသံလွှင့် ကြိမ်းမောင်းစကား ပြောခဲ့ပါသေးတယ်။ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ကတော့ ဆဲဗင်းဇူလိုင် ၅၉ နှစ်ပြည့်က အခုလို ကဗျာရေးခဲ့ပါတယ်။
ခွပ်မှလှတဲ့ဒေါင်း
ဒေါင်းရဲ့ တောင်ပံ
မပျံနိုင်အောင် ညှပ်
ညှပ်သူတွေသာ ပြတ်သွားဖူးခဲ့
ဒေါင်းတောင်ကတော့ လတ်လတ်ဆတ်ဆတ်။
ဒေါင်းရဲ့ နှုတ်ချွန်
မတွန်နိုင်အောင် ချိုး
ချိုးသူတွေသာ ကျိုးသွားလေရဲ့
ဒေါင်းတွန်ကျူးသံ အိုးဝေ အိုးဝေ။
ဒေါင်းရဲ့ အတက်
ခွပ်လက်ညံ့အောင် ဖြတ်
ဖြတ်သူတွေသာ ဝပ်သွားကြရဲ့
အတွန်ကောင်း အခွပ်ကောင်း
ခွပ်မှလှတဲ့ ဒေါင်း
သမဂ္ဂ ခွပ်ဒေါင်း။ ။
မောင်မှိုင်းလွင် (အင်းဝ)
မိုးမခ ဇူလိုင် ၈၊ ၂၀၂၁
အလားတူပါပဲ။ တော်လှန်ကဗျာဆရာ အောင်ဝေးကလည်း ဆဲဗင်းဇူလိုင် ၅၉ နှစ်မြောက်မှာပဲ ကဗျာတပုဒ် ရေးထားခဲ့တာပါ။
ဆဲဗင်းဂျူလိုင်မြစ်ကမ်းပါးမှာ
ကဗျာကို
စစ်တိုက်သလို
ငါရေးတယ်။
ငါ မရေးရင်
(ငါ မတိုက်ရင်)
စစ်သံဖနောင့်အောက်မှာ
(အမှောင်ခေတ်ထဲမှာ)
ငါ ရှုံးမယ်
(ငါ သေမယ်)
ဒီမြစ်
ဘယ်လို စီးဆင်းလာသလဲ။
အနင်းခံတဲ့စပါး သန်တယ်
အကျဉ်းစံငှက် မြင့်မြင့်ပျံနိုင်တယ်။
ဆဲဗင်းဂျူလိုင်မြစ်ကမ်းပါးမှာ
ငါဟာ
အခုထိ
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့။
သေချာတယ်
နံနက်ခင်း စပါးခင်းတွေထဲ
အလင်းငှက်ကလေးတွေ
သီချင်း မသီနိုင်သေးသမျှ။
ငါဟာ
အသက်(၇၀)အရွယ်
ကျောင်းသားပေါက်စလေးတယောက်
ဖြစ်နေဦးမှာပဲ။ ။
အောင်ဝေး
(၇၊ ၇၊ ၂၁)
ဒီနေ့ခေတ်အထိ ဇူလိုင် ၇ ရက်ရောက်ရင် လုံခြုံရေးတွေဟာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ လာစောင့်ကြည့်နေကြရတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသူ ကျောင်းသားတွေက မန္တလေးဆောင် နံရံမှာ ပန်းခွေတွေ ပန်းတွေ ဆေးနီတွေ လာချ လာပက်မှာစိုးလို့။ ဒါက ရာဇဝင်ရှိတယ်လေ။ စံညိမ်းဦးရဲ့ ဒီကဗျာလေးက သမိုင်း ရာဇဝင်မှတ်တမ်းကို ဖော်ပြနေတာပါ။
ကံ့ကော်၀မ်းနည်းမှတ်တမ်း
(၁)
မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ၇ ၆၂ ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်၀င်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်စားသွေးနဲ့မှာခဲ့တဲ့
သမိုင်း၀င်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က
အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့ လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါမှာ နားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။
(၂)
တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညည်းသံတို့ အထပ်ထပ်
သွေးစိမ်းနံ့တို့ အလွှာလွှာ
ငါတူးကြည့်တယ်
တထပ်ပြီးတထပ်
တလွှာပြီးတလွှာ
အနက်ရှိုင်းဆုံးအောက်ဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာ တဆက်ဆက်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး “က” ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့
ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။
(၃)
တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘဝတွေအားလုံးမှောင်ကြီးကျ
အဝီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့် စျာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမား အရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော်ပုံ တဲ့
.................... တဲ့
.................... တဲ့
အဲဒီထဲမှာက
၇ ဇူလိုင်အရေးတော်ပုံဟာ
ထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောင်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့ အစ
မဆလမျက်နှာဖုံးကိုခွာချပြ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။
(၄)
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ
လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ခေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘ၀
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့ တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုး တတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို
အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို
အမျှဝေရမယ်။
အခု
ဘဝဖြိုအမှန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို
အမျှဝေရမယ်။
အမျှဝေရမယ်။
(၅)
၇-၇-၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
(သနက - ၄)တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။
အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမှာတော့ ရေဒီယိုကြေညာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော…. ကံ့ကော်။
ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင်
နံရံကကျည်ဆန်ရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း
မျက်မြင်သက်သေပါပဲလေ။
အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံမှာ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင် တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
(၆)
ဇူလိုင် ၇ ရက် x x ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း x x
ထာ၀စဉ်နီ….
ငါတို့ဆိုတယ်။
စစ်ကိုမလိုသည် x x စစ်ကိုမလိုသည်
ငြိမ်းချမ်းရေးသာပေးကြပါ x x
ငါတို့ဆိုတယ်။
၁ “မျက်စိမ်းသွေးပေ
ကံ့ကော်ကြွေသည်
‛ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်
၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွာ့တကား”တဲ့
ငါတို့ဆိုတယ်။
၃ “အောင်ကျော်ရေ
မင်းသေခဲ့တာ
တို့ဖြေသာတယ်
မင်းမှာ နယ်ချဲ့လက်ချက်မို့” တဲ့
ငါတို့ဆိုတယ်
၄ “ပင်ပျိုဆက်လက်
အညွန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်
ငါတို့ဆိုခဲ့ပါတယ်။
ဘကြီးမှိုင်း(သခင်ကိုယ်တော်မှိုင်း)ရဲ့
“အဆောက်ဦးကိုသာဖြိုလို့ရမယ်…
အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်သူမှဖြိုလို့မရပါဘူး”
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်/ငါတို့ဆိုခဲ့ပါတယ်။
(၇)
အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်ခဲ့သူတို့
ယဇ်ပလ္လင်ထက်
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ….
ဟုတ်ကဲ့….
၁။
“ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်သွားမတဲ့”။
၂။
“စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ်ထောင်မပစ်ဘူးတဲ့”။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
(ဘယ်သမိုင်း ခေတ်မှာမဆို)
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ(ငါတို့)
ရင်နဲ့လက်ဖျံမှာကပ်လို့။
သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား…..
ဒေါင်းတမာန်တို့ အိုးဝေတေးကိုသီလို့။
သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဘက်
ထာ၀စဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ
အဆန်ကိုပျံနေမယ့် သစ္စာငှက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ်……..။
စံညိမ်းဦး
၂၀၁၂
အပိုဒ် (၆) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင် အရေးတော်ပုံအပြီး ထွက်ရှိတဲ့ “တက္ကသိုလ်၀န်းကျင်ကဗျာများ” စာအုပ်က ဖြစ်ပါတယ်။
၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ
(၇ - ၇ -၂၀၁၂ တွင်ကျရောက်သော ၇ ဇူလိုင် အရေးတော်ပုံနှစ် (၅၀) ပြည့် ရွှေရတုအမှတ်တရ ရေးခဲ့တာဖြစ်တယ်)
ကဗျာတွေကနေ ဆဲဗင်းဇူလိုင်ရဲ့ သမိုင်းစုံကို ဖော်ပြနေကြပြီလေ။ ၁၉၈၈ ခုနှစ်တုန်း ကျတော့လည်း ဗိုလ်ချုပ်အောင်ကြီးက ဆဲဗင်းဇူလိုင်မှာ သူက အမိန့်ပေးတာ မဟုတ်ဘူးလို့ ပြောနေပြန်တယ်။ အာဏာရှင်ကြီး ဖြစ်ပါလျှက် ဦးနေဝင်းကလည်း သူ့လက်ချက် မဟုတ်ပါဘူးလို့ ဆိုပြန်ပါတယ်။ လုပ်တော့ လုပ်ရဲ၊ မခံရဲ၊ အသည်းပါးပါး၊ ဗိုလ်ချုပ်များပါတကား။ အောက်ပါကဗျာကတော့ ဝင်းဇော်ရဲ့ ဆဲဗင်းဇူလိုင် ကဗျာပါ။ ဝင်းဇော် ကလောင်နာမည်ဟာ ဆရာလူထုစိန်ဝင်းရဲ့ ကလောင်ခွဲတခုပါ။
သားပျောက်ရှာ
သူရူးမတယောက်၊ သားပျောက်ရှာရင်း
ကံ့ကော်ခင်းသည့်၊ တလင်းမြေထက်
လျောင်းအိပ်စက်၍၊ ရှိုက်ဖက်လှိုက်ဖို
ငိုချင်းဆိုသည်၊ လူကိုခွေးသတ်သွားလေခြင်းတဲ့ ။ ။
(ဝင်းဇော်)
ခွပ်ဒေါင်း ဇူလိုင် ၇ ရက် အရေးတော်ပုံ အထိမ်းအမှတ်မှ
အခုလို ဆဲဗင်းအရေးတော်ပုံ ကဗျာတွေကို နှစ်စဉ်လိုလို ရေးခဲ့ကြပါတယ်။ စစ်တပ်ကလည်း ကဗျာစာအုပ်တွေကို သိမ်း၊ ရေးသူတွေကို ဖမ်း၊ ချုပ် နှောင် ထောင်ချပေါ့။ ဒီထဲမှာ ထောင်ကျခံကာ ကဗျာရေးတဲ့ ကိုလေးမောင်တယောက်လည်း ပါဝင်ပါတယ်။
ညီသစ်လွင်သို့
ယခုနှစ်မျှ၊ တက္ကသီလာ
ခိုဝင်လာသည့်၊ နွယ်လျာပျိုမြစ်
မောင့်ညီချစ်ကို၊ ဗဟိုဆောင်မှာ
ကြိုလှဲ့ပါဟု
အမှာစကားပါးလာသည်။
"ဘွဲ့ကိုတတ်၍၊
ငတ်ပြတ်သူတွေအကြောင်း။"
တက္ကသိုလ်မြေ၊
သွေးစီးလေသည့်အကြောင်း။"
ပြန်ပြောင်းတွေးမိ၊ မချိရင်မှာ
နာကြီးနာခဲ့၊ သာယာရွှင်ပြုံး
မျက်နှာဖုံးတပ်၊ ဟန်မဆောင်တတ်၍ . . ။
စိတ်ဓာတ်ထက်မြက်၊ ရည်ရွယ်ချက်နှင့်
မာန်ထက်ပြုံးရွှင်၊ ညီသစ်လွင်ကို
ဆောင်ဗဟိုမှာ၊ အကိုမကြိုနိုင်ပြီတကား။ ။
ကိုလေးမောင်
ခွပ်ဒေါင်း ဇူလိုင် ၇ ရက် အရေးတော်ပုံ အထိမ်းအမှတ်မှ
ဆဲဗင်းဇူလိုင် အရေးတော်ပုံ ကဗျာတွေကို အမျိုးသမီး ကျောင်းသူတွေကလည်း ရေးခဲ့ကြပါတယ်။ ဆဲဗင်းဇူလိုင်မှာ ကျောင်းသားတွေ ပါဝင်ခဲ့ကြသလို ကျောင်းသူတွေလည်း ပါဝင်ခဲ့ကြတာပဲ မဟုတ်လား။ ကဗျာဆရာမ ခင်ကြော့နှောင်း (ဗန်းမော်) က အခုလို ရေးစပ်ခဲ့ပါတယ်။
သက်သေ
နီနီတချို့
ညို့ညို့တသွင်
အရိပ်ထင်သည်
သည်ရင်ပြင်မှ သွေးကွက်များ။ ။
ခင်ကြော့နှောင်း (ဗန်းမော်)
(ဆဲဗင်းဇူလိုင် နှစ်ပတ်လည် ဥဒါန်းမကျေမှ)
ဆဲဗင်းဇူလိုင်ကျောင်းသူ ကဗျာဆရာမ မခင်ပန်း (ကချင်မြေ) ကလည်း သူ့ရင်တွင်း ဆဲဗင်းဇူလိုင် နှစ်ပတ်လည် ခံစားချက်ကို အခုလို ရေးစပ်ခဲ့ပါတယ်။ ကျောင်းတွင်းမှာ သတ်ဖြတ်ခဲ့တဲ့ သွေးကွက်တွေကို ထုံးသုတ် ဖုံးအုပ်ထားတဲ့ မြင်ကွင်းကို ကဗျာစပ်ဆိုထားတယ်ထင်ပါရဲ့။
ယခုတက္ကသိုလ်
ကျောင်းနှင့်မတူ
ဖွေးဖွေးဖြူသည်
အုတ်ဂူကြီးများနှယ်သာတည်း။ ။
မခင်ပန်း (ကချင်မြေ) (ဆဲဗင်းဇူလိုင် နှစ်ပတ်လည် ဥဒါန်းမကျေ မှ)
ဆဲဗင်းဇူလိုင် ကဗျာတွေ ထပ်ရှိပါသေးသည်။ သို့သော် အခုလောက်နဲ့ပဲ နိဂုံးချုပ်ပါမည်။ နောင်တော်ကျောင်းသားတွေရဲ့ ဆဲဗင်းဇူလိုင် သမိုင်းကြွေးကို ကျနော်တို့ ကျမတို့ မျိုးဆက်တွေက တောင်းဖို့ တာဝန်ရှိနေပါတယ်။ သူ့ကြွေးရှိက ဆပ်ရမြဲပါ။ ကျနော်တို့ ကျမတို့ကလည်း တောင်းနေရမည်။ တောင်းမရရင် ဘာလုပ်ကြရမည်လဲ။ တိုက်ရမည်မှာ မလွဲပါ။ လက်ရှိ နွေဦးတော်လှန်ရေးကြီးကို အနိုင်တိုက်ရမည်။ ဒါမှ ဆဲဗင်းဇူလိုင် သွေးကြွေး ပြန်ရမှာပါ။ စေ့စပ်ဆွေးနွေးနေရုံနဲ့ကတော့ ရမည်မဟုတ်ပါ။ ဒီနေ့ စစ်ကောင်စီနဲ့ ဆွေးနွေးသူများဟာ ဆဲဗင်းဇူလိုင် စိတ်ဓာတ်နဲ့ ဆန့်ကျင်နေပါတယ်။ ဒီနေ့ကာလလိုပဲ ဆဲဗင်းဇူလိုင်မှာပဲ ထိပ်သီး သစ္စာဖောက်ကြီး ပေါ်ပေါက်ခဲ့ဖူးတယ်။ ဆဲဗင်းဇူလိုင်ကျောင်းသားတွေ ပြတ်သားခဲ့ကြပါတယ်။
၁၉၆၂ မတ်လ ၂ ရက်နေ့က ဗိုလ်ချုပ်နေဝင်းခေါင်းဆောင် တော်လှန်ရေးကောင်စီ အမည်ခံပြီး အာဏာသိမ်းမှုကို မတ် ၄ ရက်မှာ တကသ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ မတ် ၆ ရက်မှာ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့တယ်။ ဒါကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ခဲ့တယ်။ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ တင်မြှောက်လိုက်ကြတယ်။ အဲသည်နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒါ ဆဲဗင်းဇူလိုင်စိတ်ဓာတ်ပါပဲ။ ဒီနေ့ ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီး ၆၃ နှစ်ပြည့်မှာလည်း အလားတူ ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး ရန်သူ စစ်အာဏာရှင်တွေကို ရန်သူနဲ့ ပူးပေါင်းသူတွေကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကြပါစို့။ ။
မောင်တူး