
ဗဟိုအမေရိကနိုင်ငံဖြစ်တဲ့ ဂွါတီမာလာနိုင်ငံမှာ ဇူလိုင် ၈ ရက်က ငလျင် ၂ ကြိမ် လှုပ်ခဲ့ရာမှာ သေဆုံးသူ ၄ ယောက်ထိရှိလာပြီး လူ ၉ ယောက်ကို ဆေးရုံတင်ထားရကြောင်း ဂွါတီမာလာနိုင်ငံ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အမျိုးသားညှိနှိုင်းရေးအဖွဲ့ (CONRED) က ဇူလိုင် ၉ ရက်မှာ ပြောကြားပါတယ်။
လူ ၃၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းထားပါတယ်။ မြို့တော်မှ ကီလိုမီတာ ၅၀ အကွာရှိ ဂွါတီမာလာ အနောက်တောင်ပိုင်း ဆာကာတေပက်ကေပြည်နယ်မှာ ကျောက်တုံးပိမိပြီး သေဆုံးခဲ့တဲ့ လူ ၂ ယောက်ရဲ့ အလောင်းတွေကို လမ်းမပေါ်မှာ အလုပ်လုပ်နေတဲ့ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်တယောက်က တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၃ နှစ်နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသား ၂ ယောက်ဖြစ်ပြီး လမ်းပေါ်မှာ သွားလာနေတုန်း တောင်ပေါ်မှပြုတ်ကျလာတဲ့ ကျောက်တုံးကြီးတတုံးက သူတို့ရဲ့ မော်တော်ကားပေါ်ကို ဖိမိထားတာကြောင့် မီးသတ်သမားတွေဟာ အင်္ဂါနေ့ ညပိုင်းကတည်းက ကားထဲမှာပိတ်မိနေတဲ့ သူတို့အလောင်းတွေကို ဆွဲထုတ်ဖို့ လုပ်ခဲ့ကြတာပါ။
ဂွါတီမာလာရဲ့ ငလျင်ဆက်တိုက်လှုပ်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ ဆန်တာမာရီယာ ထက်ဆုစ်မြို့ခံတွေဟာ ငလျင်ထပ်လှုပ်မှာကို စိုးရိမ်ပြီး တညလုံး အပြင်ဘက်မှာ ယာယီတဲတွေနဲ့ နေခဲ့ကြပါတယ်။
ဆန်တာမာရီယာ ထက်ဆုစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ တစိတ်တပိုင်းပြိုကျနေတဲ့ အပျက်အစီးတွေ ပြန့်ကျဲနေပြီး နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုဒဏ် မခံရအောင် ဒေသခံတွေဟာ ကွင်းတွေထဲမှာ ရွက်ဖျင်တဲတွေနဲ့ အိပ်ခဲ့ကြပါတယ်။
ဂွါတီမာလာသမ္မတ ဘာနာဒိုအာရီဗာလိုက ဆန်တာမာရီယာ ထက်ဆုစ်မြို့ရဲ့ လမ်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား ကုမ္ပဏီကလည်း လျှပ်စစ်ဓာတ်အား ပြန်ရဖို့ လုပ်ဆောင်နေတယ်လို့ အကြောင်းကြားခဲ့ပါတယ်။
ဇူလိုင် ၈ ရက်က ဂွါတီမာလာမြို့တော်မှ ကီလိုမီတာ ၆၀ လောက်အကွာ နိုင်ငံတောင်ပိုင်းမှာ ၅ ဒသမ ၂ ပြင်းအားရှိ ငလျင်တခု လှုပ်သွားခဲ့ပြီး အဲဒီနောက်မှာ ပြင်းအား ၃ ဒသမ ၉ မှ ၅ ဒသမ ၆ အထိရှိတဲ့ နောက်ဆက်တွဲငလျင်တွေ အနည်းဆုံး ၃၇ ကြိမ်လောက် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ နိုင်ငံရဲ့ ငလျင်ဆိုင်ရာဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters