
စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာချိန်မှာ ပတ်ဝန်းကျင်နဲ့ အသိုက်အဝန်းရဲ့ စနစ်ပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့် မသန်စွမ်းသူတွေဟာ တခြားသူတွေထက် ပိုမိုထိခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေကြတယ်လို့ ပြည်တွင်းက မသန်စွမ်းသူတချို့က ပြောပါတယ်။
ရာသီဥတုဆိုင်ရာ သတိပေးချက်တွေနဲ့ အရေးပေါ် သတင်းအချက်အလက်တွေကို အမြင်နဲ့ အကြားအာရုံ မသန်စွမ်းသူတွေ အလွယ်တကူ လက်လှမ်းမီတဲ့ ပုံစံနဲ့ မရရှိကြတာဟာ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတခု ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်အင်္ဂါ မသန်စွမ်းသူတွေနဲ့ သွားလာလှုပ်ရှားရ ခက်သူတွေအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ယာယီခိုလှုံရာစခန်းတွေနဲ့ ကယ်ဆယ်ရေးယာဉ်တွေမှာ အသုံးပြုရ လွယ်ကူတဲ့ အခင်းအကျင်းတွေ မရှိဘူးလို့လည်း မသန်စွမ်းသူတွေက ထောက်ပြကြပါတယ်။
သဘာ၀ဘေးအန္တရာယ် ကျရောက်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ရယူဖို့ ခက်ခဲပြီး လက်လှမ်းမမီဘဲ ဖြစ်နေရပါတယ်။
လူအဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခံရမှုနဲ့ ရပ်ရွာရဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်ခွင့် မရတာတွေကြောင့်လည်း မသန်စွမ်းသူတွေဟာ သဘာဝဘေးဒဏ်ကို ပိုမိုခံစားနေကြရတာပါ။
ဒါကြောင့် စူပါအယ်လ်နီညို ဘေးအန္တရာယ်ကနေ မသန်စွမ်းသူတွေကို ကာကွယ်ဖို့အတွက် ဘေးအန္တရာယ် ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေမှာ မသန်စွမ်းအဖွဲ့အစည်းတွေကို ကြိုတင်တိုင်ပင် ပါဝင်ခွင့်ပေးဖို့၊ သတိပေးချက်တွေကို အသံ၊ စာသား၊ လက်သင်္ကေတပြ ဘာသာစကား စတဲ့ နည်းလမ်းစုံနဲ့ ထုတ်ပြန်ပေးဖို့၊ ခိုလှုံရာစခန်းတွေကို အဟန့်အတားမရှိ သုံးစွဲနိုင်အောင် ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ ဝေဖန်ထောက်ပြထားကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေရဲ့ လူမှုစီးပွား၊ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေတွေဟာ ဘက်ပေါင်းစုံကနေ ပိုမိုဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက "ငုပ်လျှိုးနေသည့် အကျပ်အတည်း (Hidden Crisis)" တခုအဖြစ် ထောက်ပြထားကြပါတယ်။
၂၀၂၄ ခုနှစ် စစ်အာဏာရှင်အစိုးရရဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ဦးရေ ၂ ဒသမ ၃ သန်း ရှိတယ်လို့ ဆိုထားပေမဲ့ လက်ရှိ ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် မသန်စွမ်းသူဦးရေဟာ ပိုမို တိုးတက်လာနေတယ်လို့ သိရပါတယ်။










