
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ မသန်စွမ်းသူ သောင်းနဲ့ချီဟာ နေ့စဉ်ဘဝမှာ အခြေခံလိုအပ်ချက်တွေကအစ ဘက်ပေါင်းစုံထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မှတ်ပုံတင်ထားတဲ့စာရင်းတွေအရ ဒုက္ခသည်စခန်းတွေထဲမှာ မသန်စွမ်းသူဦးရေ ၂၈,၀၇၀ ယောက်လောက် ရှိပြီး စာရင်းမဝင်သေးသူတွေလည်း အများအပြား ရှိနေတယ်လို့ ရိုဟင်ဂျာမသန်စွမ်းသူတွေကို ကူညီပေးဖို့ လုပ်ဆောင်နေတဲ့ ကော့ဇ်ဘဇား စခန်းမှာရှိတဲ့ Yeaser Foundation ရဲ့ တာဝန်ရှိသူက DVB ကိုပြောပါတယ်။
Yeaser Foundation ရဲ့ တာ၀န်ရှိသူ မိုဟာမက်ရီဇာက “စခန်းအတွင်းမှာ လမ်းတွေ မညီညာတာ၊ ဘီးတပ်ကုလားထိုင်သုံးသူတွေအတွက် လျှောစောက်လမ်းတွေ (Ramp) မရှိတာတွေကြောင့် အတားအဆီးကင်းတဲ့ ပတ်ဝန်းကျင်မျိုး မရှိသေးပါဘူး။ ပြီးတော့ မသန်စွမ်းသူတွေအနေနဲ့ ရိက္ခာနဲ့ အကူအညီတွေ ကိုယ်တိုင် သွားယူဖို့၊ အိမ်သာနဲ့ ရေချိုးခန်း အသုံးပြုဖို့ကအစ အခက်အခဲတွေ ကြုံနေရသလို လူမှုအသိုက်အဝန်းကြားမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ ရှိနေပါတယ်”လို့ ပြောပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာမသန်စွမ်းအမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ခြေနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပိုရှိနေလို့ လုံခြုံစိတ်ချရတဲ့နေရာတွေနဲ့ အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ သူက ထောက်ပြပါတယ်။
ရိုဟင်ဂျာမသန်စွမ်းကလေးငယ်တွေအတွက် အထူးပညာရေးဆရာ၊ ဆရာမတွေနဲ့ သင်ကြားရေးပစ္စည်း မလုံလောက်တာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြသလို၊ ရိုဟင်ဂျာ စကားမပြောတတ် နားမကြားသူတွေအတွက် နားကြားကိရိယာ၊ လက်ဟန်ပြဘာသာစကားနဲ့ စကားပြန်တွေ လိုအပ်နေပါတယ်။
Yeaser Foundation ရဲ့ တာ၀န်ရှိသူ မိုဟာမက်ရီဇာက “ဘာကြောင့်လဲဆိုရင် နားမကြား စကားမပြောတတ်သူတွေအတွက် အရေးကြီးသတင်းအချက်အလက်တွေကို အချိန်မီ မသိရှိနိုင်ကြပါဘူး။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းကလည်း အလွန်နည်းပါးနေဆဲ ဖြစ်ပါတယ်”လို့ အခက်အခဲကို ရှင်းပြပါတယ်။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR၊ UNICEF၊ WHO၊ IOM တို့အပြင် NGO အဖွဲ့တွေက ကျန်းမာရေးနဲ့ အထောက်အကူပြုပစ္စည်းတွေ ကူညီပေးနေပေမဲ့ လိုအပ်ချက်တွေ များပြားနေဆဲ ဖြစ်လို့ ရိုဟင်ဂျာမသန်စွမ်းသူအားလုံးဆီ အကူအညီတွေ မရောက်ရှိသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
ရိုဟင်ဂျာမသန်စွမ်းသူတွေလည်း လူ့အဖွဲ့အစည်းထဲမှာ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တန်းတူညီမျှ ရရှိဖို့ လိုအပ်နေပြီး၊ စခန်းတွင်းက မသန်စွမ်းသူတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘဝမြှင့်တင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့လည်း Yeaser Foundation တာဝန်ရှိသူက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မသန်စွမ်းအရေးဆောင်ရွက်နိုင်မဲ့ ရိုဟင်ဂျာ မသန်စွမ်းအသင်းအဖွဲ့တွေ မရှိသေးပါဘူး။
စစ်အာဏာရှင်လက်အောက်ခံ လ၀က၀န်ကြီးဌာနရဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်နဲ့အထက် ၂ ဒသမ ၂၉ သန်း လူဦးရေရဲ့ (၇ ဒသမ ၆ ရာခိုင်နှုန်း) က မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပေးမဲ့ ဒီစာရင်းထဲမှာ ရိုဟင်ဂျာမသန်စွမ်းတွေ ပါ၀င်သလားဆိုတာ အသေးစိတ် မသိရသေးပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး စိစစ်ရာ ၃၃၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။











