
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ နိုဝင်ဘာ ၉ ရက်ကစလို့ ရေတဖြည်းဖြည်း မြင့်တက်လာနေပြီး ၁၄ ရက် ဒီမှာတော့ သာမန်ထက် ၄ ပေလောက်ထိ မြင့်တက်လာလို့ အကူညီလိုအပ်နေတယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
ဟဲယာရွာဒေသခံ အင်းသားတယောက်က “လက်ရှိမှာ အိမ် ၃၇ အိမ်လောက်မြုပ်နေတယ်။ နှစ်ထပ်အိမ်က အပေါ်ကို စင်ထိုးပြီး စုပေါင်းနေထိုင်နေတာ။ မိုးမရွာဘဲ ရေကဆက်တက်နေတာ။ သီးနှံစိုက်ခင်းတွေကပျက်၊ စားဝတ်နေရေးမှာ အဆိုးရွားဆုံး ထိခိုက်လာတာ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့အထိ မိုးရွာလို့ ရေကမြင့်တက်နေပြီး ၁၄ ရက်နေ့မှာ မိုးမရွာပေမဲ့ ရေဆက်တက်နေတာကြောင့် ဒေသခံတွေ နေထိုင်စားသောက်ဖို့ အခက်အခဲရှိလာတယ်လို့ သိရပါတယ်။
အင်းလေးမှာ ရွာပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး ၂၅ ရွာလောက်ဟာ ရေနစ်မြုပ်နေသလို သောက်သုံးရေ၊ စက်လှေနဲ့ နေရာရွှေ့ပြောင်းဖို့ လိုအပ်ချက်တွေရှိလာနေတယ်လို့ ဆိုပါတယ်။
အင်းလေးကအမျိုးသမီးတယောက်က “ညောင်ရွှေမှာ ရေတိုးတာကနေတဆင့် ရေတွေအကုန် အင်းလေးမှာလာစုပြီး ရေမြုပ်နေတာ” လို့ပြောပါတယ်။
ငလျင်ဒဏ်ခံရပြီးနောက် ပြန်ဆောက်ကြတဲ့အိမ်တွေဟာ အိမ်အသေးတွေပဲ များတာကြောင့် အဲဒီအိမ်တွေအားလုံးလိုလိုနစ်မြုပ်နေပြီး တချို့အိမ်တွေကတော့ မြုပ်ဖို့ နည်းနည်းပဲ လိုတော့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ညောင်ရွှေ၊ ရွှေညောင်၊ ကလော စတဲ့ မြို့တွေမှာ မိုးသည်းသည်းထန်ထန်ရွာလို့ ရေကြီးခဲ့ပြီး အခုတော့ ညောင်ရွှေမြို့မှာ ရေနည်းနည်းပြန်ကျလာချိန် အင်းလေးမှာ ရေတက်လာတာ ဖြစ်ပါတယ်။











