
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်မှာ ရေပြန်ကျသွားပေမဲ့ အင်းလေးဒေသ ရေဆက်ကြီးနေပြီး ခရမ်းချဉ်စိုက်ခင်းတွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်ကစပြီး ရှမ်းပြည်နယ်မှာ မိုးရွာသွန်းမှု များခဲ့တာကြောင့် ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။
နိုဝင်ဘာ ၁၁ ရက်က ညောင်ရွှေမြို့ပေါ်မှာ ရေကြီးခဲ့ပြီး လက်ရှိမှာတော့ ညောင်ရွှေမြို့ပေါ်က ကျသွားတဲ့ရေတွေက အင်းလေးမှာ ရေဆက်ကြီးနေတယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညပိုင်းကစပြီး ညောင်ရွှေမြို့အတွင်း မြို့ပေါ် လမ်းမတွေနဲ့ လူနေရပ်ကွက်တွေမှာ ရေတွေဝင်ရောက်နေပြီး ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတာပါ။
ညောင်ရွှေမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုမှာ ပြည်သူ ၇၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး မြို့မဈေးနဲ့ မူလတန်းကျောင်းတွေလည်း ပိတ်ခဲ့ရပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကစလို့ ညောင်ရွှေမြို့ပေါ် လမ်းမတွေမှာ ရေပြန်ကျခဲ့ပေမဲ့ လူနေအိမ်တွေမှာ ရေတွေကျန်နေသေးတဲ့အတွက် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေက အိမ်မပြန်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးသမားတယောက်က ပြောပြပါတယ်။
“အဓိကက ရွှေညောင် ရေကြီးတယ်၊ ရွှေညောင်ကရေက ညောင်ရွှေ ရောက်လာတယ်၊ ညောင်ရွှေကဆင်းရင် အင်းထဲဘက် အဲ့လို တောက်လျှောက်ပေါ့။ ဒီအင်းထဲကထွက်ရင် လွိုင်ကော် ရေကြီးတယ်ဗျ၊ အဆင့်ဆင့်ပဲဗျ။ တချို့နေရာတွေက လူတွေပဲ အိမ်ပြန်ရောက်သေးတယ်ဗျ။ အိမ်ပြန်မရောက်သေးတာက ခပ်များများ။ ဘာလို့လဲဆိုတော့ ရေကျပြီဆိုပေမဲ့ သန့်ရှင်းရေးတွေ လုပ်ဖို့ကလည်း ဝင်လို့မရသေးဘူး။ အိမ်တွေတော့ မပြန်ရသေးဘူးဗျ၊ စခန်းတွေမှာပဲ ရှိသေးတယ်။ ရေကျသွားတဲ့ အခြေအနေပဲ ရှိသေးတယ်။ လမ်းတွေတော့ ပေါ်လာပြီ။ ဒါပေမဲ့ ခြံတွေထဲမှာ ရေတွေရှိနေသေးတယ်လေ။ ရပ်ကွက် ၆ ၊ ၇ နဲ့ ၈ ဆိုရင်တော့ လမ်းတွေမပေါ်သေးဘူး။ အဲ့ဘက်တွေက ရေရှိသေးတယ်။”
ညောင်ရွှေမြို့ပေါ်က ကျသွားတဲ့ ရေတွေက အင်းလေးကန်ထဲ ရောက်သွားတဲ့အတွက် နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ သာမန်ထက် ရေ ၄ ပေလောက်ထိ မြင့်တက်ခဲ့တယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ နိုဝင်ဘာလ ၁၃ ရက်အထိ မိုးရွာတာကြောင့် ရေမြင့်တက်နေပြီး ၁၄ ရက်မှာ မိုးမရွာပေမဲ့ ညောင်ရွှေမြို့ပေါ်က ကျလာတဲ့ရေတွေက အင်းလေးဒေသမှာ ဆက်တက်နေတာကြောင့် အင်းလေးဒေသထဲက ကျေးရွာ ၂၅ ရွာက ရေဘေးဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရေတက်တဲ့အိမ်တွေက အိမ်ပေါ်မှာပဲ စင်ထိုးပြီး နေထိုင်နေရကာ သောက်သုံးရေ၊ စက်လှေနဲ့ နေရာရွှေ့ပြောင်းဖို့ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ရေနစ်မြုပ်ကုန်တာကြောင့် ခရမ်းချဉ်စိုက်ခင်းတွေ အပါအဝင် စိုက်ခင်းဧက အများစုလည်း ရေနစ်မြုပ် ပျက်စီးကုန်တယ်လို့ အင်းလေးဒေသခံတယောက်က ပြောပါတယ်။
အင်းလေးဒေသခံတယောက်က “ခရမ်းချဉ်သီးပင်တွေက ရေမြုပ်သွားရင် မရတော့ဘူးဗျ၊ ပျက်စီးသွားပြီ။ အရင်နှစ်တွေက ဈေးမကောင်းဘူးဗျ၊ ဒီနှစ်မှ ဈေးကောင်းတာ။ ကိုယ့်ရဲ့ငွေနဲ့ စိုက်ရတဲ့သူ ရှိတယ်၊ သူများနားက ယူစိုက်ရတဲ့သူ ရှိတယ်ဗျ။ ကိုယ်တိုင်စိုက်ထုတ်ရတဲ့ငွေဆို ခရမ်းချဉ်သီးထွက်တဲ့အချိန်မှာ ပျက်စီးသွားပြီဆိုရင် ဘာမှပြန်မရတော့ဘူးပေါ့။ နောက်ပြီးတော့ သူများတွေက ငွေပေးပြီးတော့ စိုက်ခိုင်းတဲ့လူတွေဆိုရင် ပျက်စီးသွားရင် သူများဆီကို အကြွေးတင်တာပေါ့” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညနေကစပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးရွာတာ ရပ်သွားတဲ့အတွက် ရေအနည်းငယ် ပြန်လျော့နေပြီလို့လည်း အင်းလေးဒေသခံတွေက ပြောပါတယ်။
ဒီနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်လို့ တန်ဆောင်တိုင်ပွဲနီးမှ ရေကြီးတဲ့အတွက် ခရီးသွား လာရောက်မှု နည်းသွားမှာကို အင်းလေးဒေသခံတွေက စိုးရိမ်နေကြပါတယ်။











