DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း မြို့အချို့၌ အချိန်အခါမဟုတ် မိုးသည်းပြီး ရေကြီးရေလျှံနေ
DVB
·
November 11, 2026
Photo: MFSD
Photo: MFSD
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေသလို တချို့နေရာတွေမှာတော့ မြေပြိုပြီး လမ်းပိတ်ဆို့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်ကစပြီး နေ့ရောညပါ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစပြီး တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ဟိုပုံး၊ ညောင်ရွှေ၊ လဲချားနဲ့ ခိုလမ်မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ကြီးမြို့မှာ ကံကြီးရပ်ကွက်၊ ဘုရားဖြူရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက်တွေမှာတော့ နေအိမ်တွေထဲ ရေဝင်ရောက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်‌ ညပိုင်းမှာတော့ တောင်ကြီးမြို့ တောင်ကြီး-အေးသာယာ အဆင်းလမ်းမှာ တောင်ပြိုကျပြီး လမ်းပေါ် မြေသားတွေ ကျရောက်ကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။

တောင်ကြီးမြို့ခံတယောက်က “မိုးရွာတဲ့ရက်ထဲက ရေတက်နေတာပေါ့။ ရှေ့ ၂ ရက်ထဲကပေါ့။ အနိမ့်ပိုင်းတွေကတော့ ကံကြီးဘက် ပြည်တော်သာဘက် ပြည်တော်သာဘက်ကလည်း မိုးကြီးရင်တော့ အမြဲတမ်း ချောင်းရေက အမြဲတမ်းလျှံနေတော့ ရေကြီးတတ်တယ်။ မနေ့ကတော့ တောင်ကြီးနဲ့ အေးသာယာ တောင်ဆင်းတဲ့လမ်းမှာတော့ မြေတွေပြိုတာရှိတယ်။ မနေ့ညကတော့ သူတို့ အဲလိုမျိုး တွဲကားတွေရပ်ပြီး အကြာကြီး စောင့်နေရတာမျိုးရှိတယ်။ မနေ့ညထဲက ကယ်ဆယ်ရေးတွေ ဘာတွေ လုပ်နေရတယ်လို့‌ ပြောတယ်” လို့‌ ပြောပါတယ်။

တောင်ကြီးမြို့အပြင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ပေါ်ရပ်ကွက် တချို့မှာလည်း ရေတွေတင်လာပြီး လမ်းတွေနဲ့ နေအိမ်ဝင်းတွေထဲအထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကလောမြို့မှာလည်း ချောင်းရေမြင့်တက်လာလို့ ရပ်ကွက်အမှတ် ၂၊ ၄ နဲ့ ပလောင်ဈေး အနီးတဝိုက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး နေအိမ်တချို့အတွင်း ရေဝင်နေတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် ကလောမြို့ပေါ်ရပ်ကွက်တွေက ပြည်သူတချို့လည်း ရွှေ့ပြောင်းနေထိုင်နေရသူ တချို့ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလောမြို့ပေါ်မှာ ရေကြီးပြီး တောင်တက်လမ်းတွေမှာ မြေပြိုတဲ့အခြေအနေကို ကလောမြို့ခံတယောက်က ပြောပြပါတယ်။

“မနေ့ကနေ စပြီး ကြီးတယ်။ အရင်ကတည်းက ၉ ရက်နေ့ထဲက ကြီးပေမဲ့ အဲဒီရက်က နည်းနည်းပါးပါးပဲ။ ဒီလိုမျိုး ရေတွေလျှံထွက်တဲ့အထိတော့ မဖြစ်ဘူးပေါ့နော်။ မနေ့ကမှ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်။ ရပ်ကွက် ၂ ရယ် ရပ်ကွက် ၄ ရယ်၊ အဲဒီ ၂ ရပ်ကွက်တော့ တော်တော်ရေဝင်တယ်။ အရင်နှစ်တွေကလည်း အဲဒီရပ်ကွက်မှာပဲ ရေကြီးတယ်။ ဗမာပြည်ကနေ ကလောကိုတက်တဲ့အခါ ကလောကနေ အောက်ဆင်းတဲ့အခါ တောင်ခြေနားလမ်းကြားတွေဘက် အဲဒီဘက်တွေတော့ မြေပြိုတယ်၊ မြို့ပေါ်မှာတော့ မပြိုဘူး။”

အလားတူ ဟိုပုံး၊ ညောင်ရွှေ၊ လဲချားနဲ့ ခိုလမ်မြို့တွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပင်းတယ-ရွာငံ-မန္တလေး ဖြတ်လမ်းမှာ ကတ္တရာလမ်း မြေပြိုနေတဲ့အတွက် ကား၊ ဆိုင်ကယ်တွေကို တောင်ပေါ်ကြီး-ရှော်ပင်၊ လင်းလေအင်း-မဲနယ်တောင်လမ်းကတဆင့် ရှောင်လွှဲမောင်းနှင်ပေးကြဖို့ ဒေသခံတွေက အသိပေးထားပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရေမြောင်းတွေ ပြည့်လျှံနေသလို တောင်ကျချောင်းရေတွေလည်း စီးဆင်းလာတဲ့အတွက် မြေနိမ့်ပိုင်းရပ်ကွက်၊ ရွာတွေမှာ ရေဝင်ရောက်မှု ပိုများလာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် နေရာအနှံ့မှာ နောက်ထပ် ၅ ရက်ကနေ တပတ်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013