
ရှမ်းပြည်နယ်အတွင်း အခုရက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ပင်းတယ-ရွာငံ ကားလမ်းမှာ မြေပြိုပြီး လမ်းပိတ်ဆို့နေသလို မိုင်းပွန်း၊ ကလောနဲ့ အောင်ပန်းမြို့တွေမှာလည်း ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်းတယ-ရွာငံ ကားလမ်း တောင်ပေါ်ကြီးကျေးရွာအကျော် ပင်စိမ်းပင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၀ ရက်က မိုးရွာသွန်းလို့ မြေပြိုကျခဲ့တာဖြစ်ပြီး လမ်းပိတ်ဆို့မှုကြောင့် ခရီးသွား ပြည်သူတွေဟာ တောင်ပေါ်ကြီး-ရှော်ပင်-လင်းလေအင်း-မဲနယ်တောင်လမ်းနဲ့ ကျုံးရွာဘက်ကနေ လမ်းလွှဲသွားလာခဲ့ရ ပါတယ်။
မိုင်းပွန်းမြို့မှာလည်း နိုဝင်ဘာ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ကြောင့် တောင်ကြီး-လွိုင်လင်လမ်း မိုင်တိုင်အမှတ် ၁၅၂/၂ နဲ့ ၁၅၃/၃ ကြားမှာ ပွန်းချောင်းရေ လျှံတက်ပြီး ကားလမ်းပေါ် ရေကျော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လမ်းရေကျော်လို့ကြောင့် အိမ်စီးကားတွေ ပိတ်မိနေတယ်။ ကုန်တင်ကားတွေ ပဲ ဖြတ်လို့ရပါတယ်” လို့ DVB ကို ပြောပါတယ်။
ကလောမြို့မှာတော့ နိုဝင်ဘာ ၁၀ ရက် တညလုံး မိုးရွာသွန်းခဲ့ပြီး နောက်တနေ့ မနက်ပိုင်းမှာ မိုးတိတ်သွားပေမဲ့ ကလောချောင်းရေဟာ ဘူတာလမ်းပေါ်အထိ ရောက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အောင်ပန်းမြို့မှာလည်း နိုဝင်ဘာ ၁၀ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ဈေးရပ်ကွက်တွေမှာ နေအိမ်တွေအတွင်း ရေဝင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာလည်း မောက်မယ်မြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စျေးတန်းရပ်ကွက်ရှိ နေအိမ်တွေ ရေဝင်ရောက်လို့ ဒေသခံတွေကို ဘေးလွတ်ရာ ကူညီရွှေ့ပြောင်း ပေးထားရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်း မိုးဆက်လက်ရွာသွန်းနိုင်တဲ့အတွက် မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုနဲ့ မြေပြိုကျမှု အန္တရာယ်ကို သတိပြုကြဖို့ လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။











