
အလှူရှင်နိုင်ငံတွေရဲ့ ရန်ပုံငွေတွေ ကျဆင်းသွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပညာရေးအစီအစဉ်တွေ အတော်လေး ရုန်းကန်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အလှူရှင်တွေအနေနဲ့ ပညာရေးအစီအစဉ်တွေကို ရန်ပုံငွေအပြည့်အဝ ထောက်ပံ့ပေးသင့်ပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ရိုဟင်ဂျာတွေ ကိုယ်တိုင် ဦးဆောင်ဖွင့်လှစ်ထားတဲ့ သီးခြားကျောင်းကွန်ရက်ကို အသိအမှတ်ပြုပေးကာ ကုလသမဂ္ဂက ပံ့ပိုးကူညီပေးသင့်တယ်လို့ HRW က ဆိုပါတယ်။
HRW ကလေးသူငယ်အခွင့်အရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး ဘေလ်ဗန်အက်စ်ဗယ်လ်က “အလှူရှင်အစိုးရတွေဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာကျောင်းသား ၅ သိန်းရဲ့ ပညာရေးကို ကျောခိုင်းသွားကြပါပြီ။ ဒါပေမဲ့ ဒီအကျပ်အတည်းကို လျှော့ချဖို့ လုပ်နိုင်တာတွေ အများကြီး ရှိပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်တွေရဲ့ ပညာသင်ကြားခွင့်အပေါ် ပိတ်ပင်ထားတာတွေကို အဆုံးသတ်ဖို့ အမြန်ဆုံး လုပ်ဆောင်သင့်ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေ ဦးဆောင်တဲ့ ကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ကျောင်းနေအရွယ် ရိုဟင်ဂျာကလေးငယ် ခန့်မှန်းခြေ ၅၀၀,၀၀၀ ရှိတဲ့အနက် ၃၁၂,၀၀၀ ကို လူသားချင်းစာနာမှုဆိုင်ရာ ပညာရေးအစီအစဉ်တွေမှာ စာရင်းသွင်း သင်ကြားပေးထားပါတယ်။
ဒါပေမဲ့ အကူအညီဖြတ်တောက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်တုန်းက လပေါင်းများစွာ ပိတ်ထားခဲ့ရတဲ့ ဒီအစီအစဉ်တွေဟာ လက်ရှိသင်ကြားပေးနေတဲ့ ကလေးတွေအတွက်တောင် လုံလောက်မှု မရှိသလောက်ဖြစ်နေပြီး ထပ်ပြီး ပိတ်သွားနိုင်ခြေ ရှိနေပါတယ်။
အရင်းအမြစ်တွေ နည်းပါးလာနေတဲ့ တချိန်တည်းမှာပဲ လူဦးရေတိုးပွားလာတာနဲ့ မြန်မာနိုင်ငံတွင်းက ထွက်ပြေးတိမ်းရှောင်လာသူ အသစ်တွေ ထပ်ရောက်လာတာတွေကြောင့် ဒီနှစ်ထဲမှာ ကျောင်းတက်ဖို့ လိုအပ်တဲ့ ဒုက္ခသည်ကလေး ၉၀,၀၀၀ လောက် ထပ်တိုးလာပါတယ်။
အလှူရှင်တွေ ထောက်ပံ့ထားတဲ့ အစီအစဉ်တွေဟာ စခန်းတွေထဲမှာ ရိုဟင်ဂျာ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် တည်ထောင်ထားတဲ့ စာသင်ကျောင်းတွေကို အများအားဖြင့် လျစ်လျူရှုထားကြသလို အဲဒီကျောင်းတွေဟာ တရားဝင်ရပ်တည်ခွင့်ဘဲ ကျောင်းသား ၃၀,၀၀၀ လောက်ကိုသာ လက်လှမ်းမီ သင်ကြားပေးနိုင်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဖြုတ်ချခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အဝါမီလိဂ်အစိုးရလက်ထက်တုန်းက ရိုဟင်ဂျာ ကလေးတွေကို ဒုက္ခသည်စခန်းထဲမှာရော၊ ဘင်္ဂလားဒေ့ရှ် ကျောင်းစနစ်ထဲမှာပါ အသိအမှတ်ပြု လက်မှတ်ရ ပညာရေးနဲ့ အဆင့်မြင့်ပညာရေး သင်ယူခွင့်တွေ ပိတ်ပင်ထားခဲ့ပါတယ်။
အလှူရှင်တွေ ရန်ပုံငွေထောက်ပံ့တဲ့ ပညာရေးအစီအစဉ်တွေကို ခွင့်ပြုခဲ့ပေမဲ့ ရိုဟင်ဂျာလူထုကိုယ်တိုင် ဦးဆောင်တဲ့ ကျောင်းတွေကိုတော့ တားမြစ်ခဲ့ပြီး ကျောင်းတော်တော်များများကို ဖြိုဖျက်ပစ်ခဲ့သလို၊ ဆရာ၊ ဆရာမတွေကိုလည်း ဝေးလံခေါင်ဖျားတဲ့ ဘာဆန်ချာ ကျွန်းဆီ ပို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လက်ရှိအစိုးရကတော့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ စတင်လုပ်ဆောင်နေပြီဖြစ်လို့ အလှူရှင်ရန်ပုံငွေ အကျပ်အတည်း ကြုံနေရချိန်မှာ ဒုက္ခသည်တွေရဲ့ ပညာသင်ကြားခွင့်အပေါ် ကျန်ရှိနေသေးတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးသင့်တယ်လို့ HRW က တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြု မူလတန်းကျောင်း စာမေးပွဲတခုကို ရိုဟင်ဂျာ မူလတန်းကျောင်းသား ဒါဇင်အနည်းငယ် ဝင်ရောက်ဖြေဆိုခွင့်ကို ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလထဲမှာပဲ ရိုဟင်ဂျာ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တခုက စခန်းထဲမှာ ကျောင်းသား ၂၄၀ ဆံ့ မူလတန်းကျောင်းတကျောင်း ဆောက်လုပ်ဖို့နဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ သင်ရိုးညွှန်းတမ်းကို သင်ကြားပေးဖို့ အစီအစဉ်တွေကိုလည်း ဘင်္ဂလားဒေ့ရှ်က ပထမဆုံးအကြိမ် အတည်ပြုပေးခဲ့ပါတယ်။
ပြည်ပရောက် ရိုဟင်ဂျာအသိုက်အဝန်းက တည်ထောင်ထားတဲ့ Rohingya Centre UK အဖွဲ့က ဘာသာရပ် ၁၀ ခု ပါဝင်တဲ့ သင်ရိုးညွှန်းတမ်းကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမှာဖြစ်ပြီး၊ ဒါဟာ အလှူရှင်ထောက်ပံ့တဲ့ ပညာရေးအစီအစဉ်တွေမှာ ကျောင်းသားတွေ ရရှိတဲ့ သင်ကြားချိန်ထက် အများကြီး ပိုများတယ်လို့ ပြောပါတယ်။
စခန်းထဲက ဆရာ၊ ဆရာမတွေဟာ ၂၀၂၅ ခုနှစ်မှာ ရိုဟင်ဂျာဒုက္ခသည်များ စာစစ်အဖွဲ့ကို တည်ထောင်ခဲ့ကြပြီး၊ အခုဆိုရင် အဲဒီအဖွဲ့အောက်မှာ လူထုဦးဆောင်တဲ့ ကျောင်းပေါင်း ၁၂၅ ကျောင်းကျော်နဲ့ ကျောင်းသားဦးရေ ၃၀,၀၀၀ အထိ ရှိနေပြီဖြစ်ကာ မြန်မာ့သင်ရိုးညွှန်းတမ်းအတိုင်း စံချိန်မီစာမေးပွဲတွေ စစ်ဆေးတာ အပါအဝင် အရည်အသွေးမီ ပညာရေး ရရှိစေဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာကလေးတွေအတွက် ဘယ်သင်ရိုးညွှန်းတမ်းကိုမှ တရားဝင် အသိအမှတ်ပြုပေးတာမျိုး မရှိသေးသလို၊ လူထုဦးဆောင်တဲ့ ကျောင်းတွေမှာလည်း တရားဝင်ရပ်တည်ခွင့် မရှိတဲ့အတွက် ပြည်ပအထောက်အပံ့တွေကို တိုက်ရိုက် လက်ခံရယူလို့ မရပါဘူး။
ဒီအကျိုးဆက်ကြောင့် ယူကေအဖွဲ့အစည်းရဲ့ ကျောင်းအနေနဲ့ ရိုဟင်ဂျာဆရာ၊ ဆရာမတွေကို ငှားရမ်းတာနဲ့ သင်တန်းပေးတာတွေ လုပ်နိုင်ပေမဲ့ စီမံကိန်းကိုတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းတခုကနေတဆင့်သာ တရားဝင် အကောင်အထည်ဖော်နေရပါတယ်။
လူထုဦးဆောင်တဲ့ ကျောင်းအများစုဟာ ကျောင်းလည်ပတ်နိုင်ဖို့ ကျောင်းသားတွေဆီကနေ ကျောင်းလခ အနည်းငယ် ကောက်ခံရတာကြောင့် ကလေးတိုင်း ကျောင်းတက်နိုင်ဖို့ အကန့်အသတ် ဖြစ်စေသလို၊ ဒုက္ခသည်တွေရဲ့ နေအိမ်တဲငယ်လေးတွေကို ယာယီစာသင်ခန်းအဖြစ် လှူဒါန်းသုံးစွဲခွင့်ပေးတာအပေါ်မှာပဲ မှီခိုနေရတယ်လို့ သိရပါတယ်။
ကျောင်းသားတွေကို ပိုပြီး လက်လှမ်းမီ သင်ကြားပေးနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ကျောင်းတွေကို တရားဝင် အဆင့်အတန်း သတ်မှတ်ပေးဖို့၊ ပညာရေးအတွက် တရားဝင် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးဖို့နဲ့ အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူနိုင်မဲ့ လမ်းကြောင်းဖွင့်ပေးဖို့ လိုအပ်သလို၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ လူထုဦးဆောင်တဲ့ ကျောင်းတွေက ဆရာ၊ ဆရာမတွေက ပြောပါတယ်။
ကျောင်းတကျောင်းမှ ဆရာတယောက်က “ကျနော်တို့က အစိုးရတရပ်လိုမျိုး ပညာရေးအရည်အသွေး ကောင်းမွန်အောင် ငွေကုန်ကြေးကျခံပြီး လုပ်နေရတာပါ။ ဒါပေမဲ့ ကျနော်တို့က အစိုးရမဟုတ်ပါဘူး၊ သာမန် ဒုက္ခသည်တွေပါပဲ” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကျောင်းခေါင်းဆောင်တွေနဲ့ ဆရာ၊ ဆရာမတွေက စာမေးပွဲစစ်ဆေးတာ၊ အရည်အသွေး အာမခံချက်ရှိစေတာနဲ့ သင်ကြားရေး ပိုမိုကောင်းမွန်လာစေတာတွေအတွက် UNICEF နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။
ရိုဟင်ဂျာကျောင်းသား အများစုဟာ အလှူရှင်တွေ ရန်ပုံငွေထောက်ပံ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပညာရေးအစီအစဉ်တွေအပေါ်မှာပဲ မှီခိုနေရပါတယ်။
UNICEF က ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ပညာရေးဆိုင်ရာ လူသားချင်းစာနာမှုအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဘတ်ဂျက်လိုအပ်ချက် အမေရိကန်ဒေါ်လာ ၇၂ သန်း တောင်းခံခဲ့ပေမဲ့ အလှူရှင်တွေဆီကနေ ဒေါ်လာ ၂၉ သန်းသာ ရရှိခဲ့တဲ့အတွက် ဒုက္ခသည်စခန်းတွေထဲက “သင်ယူရေးစင်တာ”တွေကို လပေါင်းများစွာ ပိတ်ထားခဲ့ရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ပညာရေးတာဝန်ရှိတယောက်က “အခြေခံအကျဆုံး ဝန်ဆောင်မှုတွေကိုတောင် ဆက်ထိန်းထားနိုင်ဖို့ ကျနော်တို့ အတော်လေး ရုန်းကန်နေရပါတယ်။ ကျောင်းသုံးဖတ်စာအုပ်တွေတောင် မလုံလောက်ပါဘူး။ ကလေးတွေ ခဲတံတချောင်း၊ ဗလာစာအုပ်တအုပ် ရရှိဖို့တောင် ကျနော်တို့ အာမမခံနိုင်တော့ပါဘူး။ မြေပြိုမှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုဒဏ်တွေကြောင့် သင်ယူရေးစင်တာတွေ ပျက်စီးသွားပေမဲ့ ပြန်ပြင်ဖို့ ရန်ပုံငွေ မရှိပါဘူး” လို့ ပြောပါတယ်။
တတိယတန်း (Grade 3) နည်းပြဆရာတယောက်ကလည်း “ကျောင်းသား ၃ ယောက်ကို ဖတ်စာအုပ် တစုံပဲ ဝေမျှသုံးနေရတယ်” လို့ စိုးရိမ်တကြီး ပြောပါတယ်။ သင်ယူရေးစင်တာက နည်းပြဆရာတွေဟာ အတန်းတတန်းကို တနေကုန် သင်ကြားပေးရမဲ့အစား တနေ့ကို အဆိုင်း ၂ နှစ်ဆိုင်းခွဲပြီး သင်ကြားပေးနေရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီတွေဟာ ၂၀၂၆ ခုနှစ်အတွက် ပညာရေးရန်ပုံငွေ တောင်းခံမှုကို ဒေါ်လာ ၅၃ သန်းအထိ လျှော့ချတောင်းခံခဲ့တာတောင် အောက်တိုဘာလလယ်အထိ အလှူရှင်တွေက ဒေါ်လာ ၃၆ သန်းသာ ပေးအပ်ဖို့ ကတိပြုထားတာကြောင့် သင်ယူရေးစင်တာတွေ ထပ်ပြီး ပိတ်ရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း HRW ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











