“ရိုဟင်ဂျာမသန်စွမ်းသူတွေလည်း တန်းတူညီမျှ အခွင့်အရေး ရရှိသင့်ပါတယ်” - Yeaser Foundation နှင့် မေးမြန်းချက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မသန်စွမ်းသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာရှိတဲ့ Yeaser Foundation ရဲ့ တာဝန်ရှိသူ Mohammed Yeaser (ခ) ကိုခိုင်မောင်လှကို DVB က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - လက်ရှိ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာမသန်စွမ်းသူ ဘယ်လောက်ရှိပါသလဲ။
ဖြေ - “လက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မသန်စွမ်းသူဦးရေ အတိအကျ သိရှိနိုင်ဖို့ နောက်ဆုံးစာရင်းကောက်ယူမှုတွေ လိုအပ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မှတ်ပုံတင် စာရင်းအရ မသန်စွမ်းသူ ၂၈,၀၇၀ ယောက် ရှိတယ်လို့ ဖော်ပြထားတာပါ။ ဒါပေမဲ့ စာရင်းမဝင် သေးသူများလည်း ရှိနိုင်ပါတယ်။”
မေး - ရိုဟင်ဂျာမသန်စွမ်းသူတွေ ဘာတွေကြုံနေရလဲ၊ ဘာအခက်အခဲတွေရှိလဲ။
ဖြေ - “ရိုဟင်ဂျာ မသန်စွမ်းသူတွေဟာ နေ့စဉ်ဘဝမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ ခက်ခဲခြင်း၊ အစားအသောက်နဲ့ အကူအညီများကို ကိုယ်တိုင်သွားယူဖို့ အခက်အခဲရှိခြင်း၊ သွားလာရေး အဆင်မပြေခြင်း၊ လက်တွန်းကုလားထိုင်နဲ့ နားကြားကိရိယာတွေ မလုံလောက်ခြင်းတို့ ဖြစ်ပါတယ်။ နောက်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ခွဲခြားဆက်ဆံမှုနဲ့ အထင်သေးမှုများလည်း ကြုံတွေ့နေရပါတယ်။”
မေး - ရိုဟင်ဂျာ မသန်စွမ်းအမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုရှိပါသလား။ ဘာစိန်ခေါ်မှုတွေ ရှိပါသလဲ။
ဖြေ - “မသန်စွမ်းအမျိုးသမီးတွေအတွက် လုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပိုမို လိုအပ်နေပါသေးတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ အိမ်သာနဲ့ ရေချိုးခန်းကို သွားလာရာမှာ အခက်အခဲရှိတယ်။ နောက်တခုက အကူအညီတောင်းဖို့ ခက်ခဲတာ ဒါတွေ ကြုံတွေ့နိုင်တာပါ။ အဲဒါကြောင့် မသန်စွမ်းအမျိုးသမီးတွေအတွက် လုံခြုံသောနေရာတွေနဲ့ အမျိုးသမီး ကူညီရေးဝန်ဆောင်မှုတွေ ပိုမိုလိုအပ်ပါတယ်။”
မေး - ရိုဟင်ဂျာမသန်စွမ်းကလေးတွေရဲ့ ပညာရေးအခြေအနေ ဘယ်လိုရှိပါသလဲ။ စခန်းမှာ မသန်စွမ်းကျောင်း ရှိပါသလား။
ဖြေ - “မသန်စွမ်းကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေမှာ လုံလောက်မှု မရှိသေးပါ။ တချို့ကလေးတွေ သွားလာရေးအခက်အခဲ၊ သင်ကြားရေးပစ္စည်း မရှိတာနဲ့ အထူးပညာရေးဆရာ၊ ဆရာမတွေ မလုံလောက်တာကြောင့် ပညာသင်ကြားခွင့် မရရှိကြပါ။ မသန်စွမ်းကလေးတွေ အတွက် သီးသန့်ကျောင်း ရှိ၊ မရှိကို စခန်းအလိုက် စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ မသန်စွမ်းကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေချင်ပါတယ်။”
မေး - အကြားအာရုံမသန်စွမ်းသူတွေအတွက် ဘာတွေလိုအပ်နေပါသလဲ။ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဖြေ - “အကြားအာရုံ မသန်စွမ်းသူတွေအတွက် နားကြားကိရိယာ၊ ဘက်ထရီ၊ လက်ဟန်ပြ ဘာသာစကား သင်ကြားပေးမှုနဲ့ စကားပြန်တွေ လိုအပ်နေပါတယ်။ အဓိကအခက်အခဲမှာ တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲတာ၊ အရေးကြီးသတင်းအချက်အလက်တွေကို အချိန်မီ မသိရှိတာနဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရယူရာမှာ အခက်အခဲတွေ ဖြစ်ပါတယ်။”
မေး - ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာမသန်စွမ်းသူတွေအတွက် Barrier-Free အနေအထားမျိုး ရှိပါသလား။
ဖြေ - “လက်ရှိအခြေအနေမှာ Barrier-Free ပတ်ဝန်းကျင်ကို အပြည့်အဝ မဖန်တီးနိုင်သေးပါ။ စခန်းအတွင်း လမ်းတွေ မညီညာတာ၊ လျှောစောက်လမ်းများ (Ramp) မရှိတာ၊ အိမ်သာနဲ့ ရေချိုးခန်းတွေမှာ လက်တွန်းကုလားထိုင် အသုံးပြုဖို့ အဆင်မပြေတာတို့ ရှိနေပါတယ်။ ဒါကြောင့် မသန်စွမ်းသူများအနေနဲ့ အခြားသူများအပေါ် မှီခိုနေရမှု လျော့နည်းစေဖို့ အတားအဆီးကင်းသော ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ အလွန်အရေးကြီးတာပါ။”
မေး - ဘင်္ဂလားဒေ့ရှ်အစိုးရ၊ UN နဲ့ စခန်းတာဝန်ရှိသူတွေအနေနဲ့ ရိုဟင်ဂျာမသန်စွမ်းသူတွေအတွက် အကူအညီ ပေးပါသလား။
ဖြေ - “ဘင်္ဂလားဒေ့ရှ်အစိုးရ၊ UNHCR၊ UNICEF၊ WHO၊ IOM နဲ့ NGO အဖွဲ့အစည်းတွေက ကျန်းမာရေး စောင့်ရှောက်မှု၊ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု၊ အထောက်အကူပြု ပစ္စည်းတွေနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြပါတယ်။ ဒါပေမဲ့ မသန်စွမ်းသူအားလုံးထံ အကူအညီတွေ မရောက်ရှိသေးပါ။ အကူအညီလိုအပ်နေသူများစွာ ကျန်ရှိနေသေးတဲ့အတွက် ပိုမိုထိရောက်သော ပံ့ပိုးမှုတွေ လိုအပ်နေတာကို ပြောချင်ပါတယ်။”
မေး - ရိုဟင်ဂျာမသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှိပါသလား။
ဖြေ - “အလုပ်အကိုင် အခွင့်အလမ်းများမှာ အလွန်နည်းပါးနေပါသေးတယ်။ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ အိမ်တွင်း အလုပ်အကိုင်တွေနဲ့ ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်တယ်။ မသန်စွမ်းသူတွေဟာလည်း အခွင့်အရေးနဲ့ အထောက်အပံ့တွေ ရရှိပါက မိမိတို့ရဲ့ စွမ်းရည်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်သူတွေ ဖြစ်ကြပါတယ်။”
မေး - ထပ်မံပြောကြားလိုတာ ရှိပါက ပြောပြပေးပါ။
ဖြေ - “ကျနော့်အနေနဲ့ အဓိကပြောချင်တာက ရိုဟင်ဂျာမသန်စွမ်းသူတွေဟာလည်း လူ့အဖွဲ့အစည်း အတွင်း တန်းတူညီမျှသော အခွင့်အရေးတွေ ရရှိသင့်ပါတယ်။ သူတို့တွေ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံစွာနေထိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုအသိုက်အဝန်းအတွင်း ပါဝင်ခွင့်တွေ ရရှိသင့်ပါတယ်။”
“ကျနော်တို့ Yeaser Foundation အနေနဲ့လည်း ရိုဟင်ဂျာမသန်စွမ်းသူတွေ၊ မသန်စွမ်းကလေးတွေ၊ အမျိုးသမီးတွေနဲ့ အကူအညီ အလိုအပ်ဆုံးသော မိသားစုတွေအတွက် တတ်နိုင်သမျှ ကူညီ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ရိုဟင်ဂျာ မသန်စွမ်းသူတွေရဲ့ဘဝကို ပိုမို ကောင်းမွန်လာစေဖို့ ကျနော်တို့အားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။ Yeaser Foundation ကို တတ်နိုင်သမျှ အလှူငွေနဲ့ တခြား ပံ့ပိုးကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျနော်တို့ Yeaser Foundation ကို ဆက်သွယ်လှူဒါန်းချင်ရင် Hotline - +8801305658663 ကို ဆက်သွယ်နိုင်ပါတယ်။”
ကျေးဇူးတင်ပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ လ၀က၀န်ကြီးဌာနရဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်နဲ့အထက် ၂ ဒသမ ၂၉ သန်း လူဦးရေရဲ့ (၇ ဒသမ ၆ ရာခိုင်နှုန်း) က မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမဲ့ ဒီစာရင်းထဲမှာ ရိုဟင်ဂျာမသန်စွမ်းတွေ ပါ၀င်သလားဆိုတာ အသေးစိတ် မသိရသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားရှိ Yeaser Foundation ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း ပညာရေး၊ လူငယ်စွမ်းရည်မြှင့်တင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေတဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်း (Community-Based Organization - CBO) တခု ဖြစ်ပါတယ်။











