ICJ စီရင်ချက်ကို KNU ကြိုဆို၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ICJ စီရင်ချက်ကို ကြိုဆိုကြောင်းနဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်း စစ်အာဏာရှင်တပ်က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ အမိန့်ချ စီရင်ဆုံးဖြတ်ခဲ့တာပါ။
လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ တွေ့ရှိချက်တွေကို KNU အနေနဲ့ ထောက်ခံကြောင်း၊ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရှိ ပြည်သူတွေအဖြစ် ကာလကြာရှည်ကတည်းက အသိအမှတ်ပြုခဲ့ပြီး တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးတို့အတွက် သူတို့ရဲ့ ရုန်းကန်မှုမှာ အတူတကွ ရပ်တည်ခဲ့တယ်၊ တရားမျှတမှုအတွက် ဆယ်စုနှစ်တခုနီးပါး ကြိုးပမ်းခဲ့ရတဲ့ ရိုဟင်ဂျာအသိုက်အဝန်းရဲ့ သတ္တိကိုလည်း လေးစားအသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
ICJ တရားရုံးက ချမှတ်လိုက်တဲ့ စီရင်ချက်တွေကို တာဝန်ရှိသူအသီးသီးက အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ဖို့ KNU က တိုက်တွန်းလိုက်ပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာဟာ နိုင်ငံအနေနဲ့ တာဝန်ရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ စစ်ဆင်ရေးတွေက အဓိကကျပြီး လက်ရှိအချိန်မှာလည်း ဒီအာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်တယ်။ ဒါကြောင့် စီရင်ချက်ကို အကောင်အထည်ဖော်ရာမှာ လွတ်လပ်စွာ စောင့်ကြည့်စစ်ဆေးနိုင်ရေး အထူးအရေးကြီးတယ်။ အထူးသဖြင့် သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ သက်သေတွေကို ကာကွယ်ဖို့၊ ယုံကြည်လက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ခိုင်လုံပါက တရားစွဲဆိုနိုင်ဖို့ လိုအပ်တယ်” လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရားရုံးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာမှာ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိစေရေး၊ နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့နဲ့ အလားတူ ကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားရေး အာမခံချက်တွေ ပါဝင်ရမယ်၊ ပြည်တွင်းနဲ့ ပြည်ပက နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ မိမိတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ပြီး ကွဲကွာနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ခွင့်ရှိမယ်လို့ ဆိုပါတယ်။
KNU ဟာ ရိုဟင်ဂျာတွေရဲ့ တန်းတူညီမျှသော နိုင်ငံသားဖြစ်ခွင့်၊ ရိုဟင်ဂျာအဖြစ် မိမိတို့ကိုယ်ကို သတ်မှတ်ဖော်ထုတ်ခွင့်နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ကို ထပ်လောင်း အတည်ပြုတယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်တွေ အနေနဲ့လည်း စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့ပေးပြီး အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိရေး သေချာစေဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေ နစ်နာမှုအတွက် ကုစားမှုတွေ ရရှိစေဖို့ ဆောင်ရွက်ရာမှာ ရိုဟင်ဂျာ အသိုက်အဝန်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ အာရက္ခတပ်တော် (AA) တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ KNU က တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ဒီရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတမှု ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းရမယ်လို့ KNU ဗဟိုအလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။











