ICJ တရားရုံး စီရင်ချက်ကို အသိအမှတ်ပြုကြိုဆိုကြောင်း NUG နှင့် NUCC ကြေညာ
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားစီရင်ပိုင်ခွင့် အာဏာနဲ့ စီရင်ချက်ကို လေးစား၊ အသိအမှတ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း ICJ တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ကြေညာလိုက်ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်လို့ ICJ က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် NUG နဲ့ NUCC တို့က သဘောထား ထုတ်ပြန်လိုက်တာပါ။
NUG အစိုးရက “ဒီနေ့ဟာ ရိုဟင်ဂျာပြည်သူတွေနဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှုရရှိရေး ကြိုးပမ်းချက်တွေအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင် နေ့တနေ့ဖြစ်တယ်။ ရိုဟင်ဂျာ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးသို့ တင်ပြနိုင်ခဲ့တာဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ တာဝန်ဝတ္တရားတွေဖြစ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးကာကွယ်တာ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ခံမှုရှိတာတို့ကို ထပ်မံ အတည်ပြုလိုက်တာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီးဖြစ်လို့ အခုအခါ နိုင်ငံတကာ အသိုက်အဝန်း အပါအဝင် သက်ဆိုင်သူအားလုံးအနေနဲ့ လက်တွေ့ အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
တရားရုံးရဲ့ တွေ့ရှိချက်တွေနဲ့ ချမှတ်တဲ့အမိန့်တွေကို သေချာစွာ လေ့လာသုံးသပ်သွားမှာဖြစ်ပြီး ထိရောက်စွာ တာဝန်ခံမှု၊ တာဝန်ယူမှု ဖော်ဆောင်ရေးနဲ့ နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွေနဲ့အတူ မြန်မာနိုင်ငံတဝန်းရှိ အရပ်သား ပြည်သူတွေအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေးအတွက်လည်း တပြိုင်နက်တည်း အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနဲ့ တခြားဒေသတွေရှိ ပြည်သူလူထုဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကို ဆက်လက်ကြုံတွေ့ ခံစားနေတယ်။ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှု သံသရာကို အဆုံးသတ်ရမှာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေ အနေနဲ့ တရားဥပဒေအရ တာဝန်ခံကြရမယ်လို့ ဆိုပါတယ်။
အလားတူ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း ICJ က ချမှတ်လိုက်တဲ့ သမိုင်းဝင် စီရင်ချက်ကို ခြွင်းချက်မရှိ ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
“ဒီသမိုင်းဝင်စီရင်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အချိန်အတော်ကြာမှ အသိအမှတ်ပြုလိုက်တာ ဖြစ်သလို အသက်ရှင်ကျန်ရစ်သူတွေ၊ နစ်နာသူတွေရဲ့ မိသားစုတွေနဲ့ အမှန်တရား၊ တရားမျှတမှု၊ တာဝန်ခံမှုရှိရေးအတွက် ကြိုးပမ်းခဲ့ကြသူ အားလုံးအတွက် ကြီးမားတဲ့ အောင်ပွဲတခုလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ရိုဟင်ဂျာပြည်သူတွေနဲ့အတူ မယိမ်းယိုင်ဘဲ တသားတည်း ရပ်တည်ကြောင်း ဖော်ပြလိုသလို ဒီလို တရားမျှတမှုရရှိရေး ကြိုးပမ်းမှုမှာ ပံ့ပိုးကူညီပေးခဲ့တဲ့ ဂမ်ဘီယာနိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” လို့ NUCC က ပြောပါတယ်။
နိုင်ငံတကာအသိုက်အဝန်းနေနဲ့ ICJ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ သေချာအောင် လုပ်ဆောင်ဖို့၊ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေး အပြစ်ပေးတာ၊ နစ်နာသူတွေကို ပြန်လည်ကုစားပေးတာ၊ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတာနဲ့ သူတို့တွေ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မဲ့ အခြေအနေတွေ ဖန်တီးပေးဖို့၊ တရားရုံးရဲ့ မဖြစ်မနေ လိုက်နာရမဲ့ အမိန့်တွေကို အပြည့်အဝ လိုက်နာလာအောင် ပံ့ပိုးပေးဖို့၊ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံ အပါအဝင် ကုလသမဂ္ဂအနေနဲ့ စီရင်ချက်ကို လိုက်နာလာစေမဲ့ အစီအမံတွေကို တက်တက်ကြွကြွ လုပ်ဆောင်ဖို့လည်း NUCC က တိုက်တွန်းပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်အာဏာပိုင်တွေကို တရားဝင်မှုဖြစ်စေမဲ့ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အဆင့်မြင့် ထိတွေ့ဆက်ဆံမှုနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကနေ ရှောင်ကြဉ်ဖို့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်စေတဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့၊ လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ စစ်ဘက်ဆိုင်ရာ နည်းပညာတွေနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ စီးဆင်းမှုကို တားဆီးနိုင်ဖို့ ပစ်မှတ်ထား အရေးယူမှုတွေကို အားကောင်းအောင် လုပ်ဆောင်ဖို့လည်း NUCC က တိုက်တွန်းပါတယ်။











