ရိုဟင်ဂျာများကို နစ်နာကြေးပေးရန်နှင့် နေရပ်ပြန်ခွင့်ပြုရန် ICJ တရားရုံး အမိန့်ချ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သလို တားဆီးအရေးယူဖို့ပါ ပျက်ကွက်ခဲ့မှုနဲ့ မြန်မာနိုင်ငံမှာ အပြစ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်လိုက်ပြီး ရိုဟင်ဂျာတွေကို နစ်နာကြေးပေးဖို့နဲ့ နေရပ်ပြန်ခွင့်ပြုဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
သည်ဟိတ်မြို့ တရားခွင်မှာ တရားရုံးဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ ဖတ်ကြားတဲ့ စီရင်ချက်အရ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာလူမျိုးစုကို အပြီးတိုင် ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ကြောင်း အတည်ပြုလိုက်တာပါ။
ဒါ့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး၊ ဖျက်ဆီးခံရတဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေးနဲ့ လုံလောက်သင့်လျော်တဲ့ လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း တရားရုံးက အမိန့်ချထားပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေသူတွေနဲ့ ရုပ်အလောင်းတွေ ရှာဖွေဖော်ထုတ်ပေးဖို့၊ ထိခိုက်သူတွေကို ပြန်လည်ထူထောင်ပေးဖို့နဲ့ အလားတူ ကျူးလွန်မှုတွေ ထပ်မဖြစ်စေရေး ဥပဒေပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ထားရှိဖို့ပါ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၇ စစ်ဆင်ရေးအတွင်း အသက် ၅ နှစ်အောက် ကလေးငယ် ၂၀၀၀ ကျော် အပါအဝင် ရိုဟင်ဂျာ ၁၀,၀၀၀ လောက် အသတ်ခံခဲ့ရသလို ကျေးရွာပေါင်း ၃၉၂ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီလုပ်ရပ်တွေအတွက် အထောက်အထား ဖျောက်ဖျက်တာ၊ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ကို ဝင်ခွင့်ပိတ်ပင်တာနဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တာတွေကြောင့် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ကြောင်း ICJ က အပြီးသတ် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။











