ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံက ကျူးလွန်ခဲ့ဟု ICJ တရားရုံး အမိန့်ချ

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချလိုက်ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာ တရားသူကြီး ယူဂျီ အီဝါဆာဝါက အမှု ဆုံးဖြတ်ချက်ကို ဒေသစံတော်ချိန် မနက် ၁၀ နာရီ (မြန်မာအချိန် ညနေ ၃ နာရီခွဲ) မှာစတင်ပြီး အချိန် ၃ နာရီနီးပါး အသေးစိတ် ဖတ်ကြားသွားတာ ဖြစ်ပါတယ်။
တရားသူကြီးဖွဲ့ဝင် ၁၅ ယောက်မှာ ၉ ယောက်က ကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အိုင်ဝါဆာဝါ ယူဂျီက ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့လည်း ပျက်ကွက်ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒီကျူးလွန်မှုတွေကို စစ်တပ်က ကျူးလွန်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ ARSA ကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ စစ်တပ်က ဆိုပေမဲ့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေပါ ပါဝင်တာကြောင့် မကိုက်ညီဘူးလို့ တရားရုံးကဆိုပါတယ်။
ဒါ့အပြင် သက်သေဖျောက်ဖျက်တာတွေကိုလည်း လုပ်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့လည်း တရားသူကြီးအများစုက ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိကြောင်း၊ ICJ က စစ်ဆေးကြည့်ရှုခဲ့ရတဲ့ သက်သေအထောက်အထားတွေအရ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာလူဦးရေရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၀,၀၀၀ လောက် “ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်လို့ တရားရုံးက ဆုံးဖြတ်အတည်ပြုကြောင်း” တရားသူကြီး ယူဂျီက ပြောပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လက လုပ်ဆောင်ခဲ့တဲ့ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ” မတိုင်ခင် ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးကင်းစခန်းတွေနဲ့ အရပ်သားတွေအပေါ် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေကို ICJ အနေနဲ့ အသိအမှတ်ပြု လက်ခံကြောင်း တရားသူကြီးက ပြောပါတယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ သက်သေအထောက်အထားတွေအရ တချို့နေရာတွေမှာ “မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ အရမ်းကာရော သတ်ဖြတ်တာတွေ၊ အမျိုးသားတွေကို သီးသန့်ခွဲထုတ်ပြီး ကွပ်မျက်သတ်ဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ အခိုင်အမာ ပေါ်လွင်နေပါတယ်” လို့လည်း ယူဂျီက ပြောပါတယ်။
ဒါ့အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ “ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာ၊ ကလေးသူငယ်တွေအပေါ် အလွန်အမင်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကိုပါ တိုက်ခိုက်ခဲ့တယ်ဆိုတာ တရားရုံးက တွေ့ရှိရပါတယ်” လို့ တရားသူကြီးက ဖြည့်စွက်ပြောကြားပါတယ်။
၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး မတိုင်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ၈၁၅,၀၀၀ လောက်ဟာ မြန်မာနိုင်ငံရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရပြီး ဒီအရေအတွက်ဟာ သိသိသာသာ များပြားတဲ့ ပမာဏလို့ တရားသူကြီးက ပြောပါတယ်။
ဒီလူဦးရေ ပမာဏအပေါ် မူတည်ပြီး မြန်မာနိုင်ငံက ပစ်မှတ်ထားခဲ့တဲ့ အစုအဖွဲ့ဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ရဲ့ သတ်မှတ်ချက်တွေအရ အရေးပါလောက်အောင် များပြားတဲ့ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်နိုင်တယ်လို့တရားသူကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မူဝါဒတွေဟာ ရိုဟင်ဂျာတွေရဲ့ ကလေးမွေးဖွားနှုန်းကို လျှော့ချဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ ရိုဟင်ဂျာ အိမ်ထောင်သည်စုံတွဲတွေ ကလေး ၂ ယောက်သာ ယူခွင့်ပြုတဲ့ ဒေသန္တရအမိန့်ကို ထောက်ပြပါတယ်။
ဒီလုပ်ရပ်တွေဟာ ရိုဟင်ဂျာအုပ်စု မျိုးပွားဆက်နွှယ်မှု ရပ်တန့်သွားစေဖို့ နိုင်ငံတော်ဘက်က ရည်ရွယ်ချက်ရှိခဲ့တယ် ဆိုတာကို “ညွှန်ပြနေတဲ့ အချက်တွေ” ဖြစ်တဲ့အပြင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလုပ်ရပ်တွေဟာ “လူထုရဲ့ မျိုးဆက်ပွားလိုစိတ်နဲ့ မျိုးဆက်ပွားနိုင်စွမ်းတွေကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးသွားစေဖို့” ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ တရားသူကြီးက ပြောကြားပါတယ်။
သမိုင်းကြောင်းအရ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြတာကို တရားရုံးက တွေ့ရှိရတယ်၊ ရိုဟင်ဂျာတွေဟာ လူ့အသိုက်အဝန်းရဲ့ အပယ်ခံအဖြစ်နဲ့ အထူးထိခိုက်လွယ်သူတွေအဖြစ် ရောက်သွားစေခဲ့သလို တချိန်တည်းမှာပဲ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အမုန်းစကားတွေက သူတို့အပေါ် ရန်လိုမုန်းထားမှုတွေကို ပိုပြီးကြီးထွားလာစေခဲ့တယ်လို့ တရားရုံးက တွေ့ရှိရပါတယ်လို့ ပြောပါတယ်။
ဆက်ပြီးတော့ တရားသူကြီး ယူဂျီက မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကို ထောက်ပြ ပြောဆိုပါတယ်။
အရင် လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်တွေတုန်းကလို အခုအမှုမှာ တရားရုံးရဲ့ တွေ့ရှိချက်တွေကို အထောက်အကူပြုနိုင်မဲ့ တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်ဟောင်းတွေ ရှိမနေလို့ အချက်အလက်တွေကို ကိုယ်တိုင်ဆုံးဖြတ်အတည်ပြုနိုင်ဖို့အတွက် ICJ အနေနဲ့ အမှုသည် နှစ်ဖက်စလုံးက တင်ပြလာတဲ့ သက်သေအထောက်အထားတွေအပေါ်မှာပဲ အားထားဆုံးဖြတ်ရတယ်လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ် နောက်ဆုံးအပတ်တုန်းက နှုတ်နဲ့ ကြားနာစစ်ဆေးမှုတွေအတွင်း အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေ ၄ ယောက်ရဲ့ ထွက်ဆိုချက်တွေကို တရားရုံးက ကြားနာခဲ့တယ်လို့ ယူဂျီက ပြောပါတယ်။
“ဂမ်ဘီယာနိုင်ငံဘက်က သက်သေတွေရဲ့ သီးခြားဖြစ်ရပ်တွေအပေါ် ထွက်ဆိုချက်တွေဟာ ယုံကြည်စိတ်ချရတယ်လို့ တရားရုံးက တွေ့ရှိရပါတယ်” လို့ ဆိုပါတယ်။
“သက်သေတွေရဲ့ အဓိကကျတဲ့ ထွက်ဆိုချက် အများအပြားကို အပြန်အလှန် စစ်မေးတာ လုပ်တဲ့အခါမှာလည်း ချေပငြင်းဆိုနိုင်ခြင်း မရှိခဲ့ပါဘူး” လို့ တရားသူကြီးက ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လုပ်ဆောင်ရာမှာ ရိုဟင်ဂျာ ၇၃၀,၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပါအဝင် ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြုပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်ဆိုပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်က အမှု စတင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုပြီး ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကာ ထိုးစစ်ဟာ တရားဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှုတခုဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ICJ က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အခုလိုဆုံးဖြတ်ချက် ချမှတ်တာဟာ ၁၀ စုနှစ် တခုကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ICJ တရားရုံး သမိုင်းမှာတော့ အခုအကြိမ်ဟာ တတိယအကြိမ် ဖြစ်ပါတယ်။
ICJ တရားရုံးဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်ပြီး နိုင်ငံတွေအကြား အငြင်းပွားမှုတွေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာ သဘောတူညီချက်တွေ ချိုးဖောက်မှုကို ကိုင်တွယ်စီရင်တာ ဖြစ်ပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးဖြစ်ပြီး အယူခံဝင်ခွင့် မရှိပါဘူး။
ဒီကနေ့ ICJ တရားရုံးအမှု ဆုံးဖြတ်ချက်ကို မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ် ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့က တက်ရောက် ကြားနာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလည်း ICJ တရားရုံးဆုံးဖြတ်ချက် ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ချက်ကို စုရုံးစောင့်ကြည့် နားထောင်ခဲ့ကြပါတယ်။
ရိုဟင်ဂျာအရေး ဂမ်ဘီယာ–မြန်မာအမှု အဓိကဖြစ်စဉ်အကျဉ်း
၁။ အမှုဖြစ်ပေါ်လာစေခဲ့သည့် နောက်ခံ
၂၀၁၆–၂၀၁၇ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးများ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ဆင်ရေးများအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျေးရွာမီးရှို့မှုများကို မှတ်တမ်းတင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ယင်းဖြစ်စဉ်များသည် ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ တွင် အမှုဖွင့်ရာ၌ အဓိကနောက်ခံ ဖြစ်လာခဲ့သည်။ https://www.fortifyrights.org/mya-inv-2017-11-15/
၂၀၁၇ မတ် ၂၄ ။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်း
လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန် Independent International Fact-Finding Mission—FFM ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ UN/OHCHR
၂၀၁၈ ဩဂုတ် ၂၇။ စစ်ခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စုံစမ်းအရေးယူရန် FFM တောင်းဆိုခြင်း
လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်များကို စုံစမ်းအရေးယူရန် FFM တောင်းဆိုခြင်း။ မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်များ၏ တာဝန်ရှိမှုကို စုံစမ်းစစ်ဆေးရန် လုံလောက်သော အချက်အလက်ရှိကြောင်း FFM က ထုတ်ပြန်ခဲ့သည်။ အဖွဲ့၏ တွေ့ရှိချက်များတွင် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ညွှန်ပြသော အကြောင်းအချက်များ ပါဝင်သည်။ OHCHR
၂၀၁၈ စက်တင်ဘာ ၁၈။ FFM ၏ အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်ခြင်း
စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာတွင် ဖြစ်စဉ်မှတ်တမ်းများ၊ သက်သေခံချက်များနှင့် ဥပဒေဆိုင်ရာ သုံးသပ်ချက်များကို အသေးစိတ်ဖော်ပြခဲ့သည်။
၂၀၁၈ စက်တင်ဘာ ၂၇ ။ IIMM ဖွဲ့စည်းခြင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar) ကို ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ သက်သေများ စုဆောင်း၊ ထိန်းသိမ်း၊ ဆန်းစစ်၍ တရားစွဲဆိုမှုများအတွက် ပြင်ဆင်ပေးရန် ဖြစ်သည်။
၂။ ဂမ်ဘီယာ၏ အမှုဖွင့်ခြင်းနှင့် ပထမဆုံးကြားနာမှု
၂၀၁၉ နိုဝင်ဘာ ၁၁ ။ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ တွင် အမှုဖွင့်ခြင်း
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ထောက်ခံမှုဖြင့် ဂမ်ဘီယာက မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲတင်သွင်းသည်။ အမှုနှင့်အတူ အရေးပေါ်ယာယီကာကွယ်ရေးအမိန့်များ ချမှတ်ပေးရန် တောင်းဆိုခဲ့သည်။
၂၀၁၉ ဒီဇင်ဘာ ၁၀ ။ ယာယီကာကွယ်ရေးအမိန့်ဆိုင်ရာ ကြားနာမှု စတင်ခြင်း
ဂမ်ဘီယာဘက်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် နေအိမ်မီးရှို့မှုဆိုင်ရာ စွပ်စွဲချက်များ တင်ပြခဲ့သည်။ ဤသုံးရက်ကြားနာမှု၏ အဓိကရည်ရွယ်ချက်မှာ အမှုစစ်ဆေးနေစဉ် ရိုဟင်ဂျာများကို အရေးပေါ်ကာကွယ်ရန် လိုအပ်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် ဖြစ်သည်။
၂၀၁၉ ဒီဇင်ဘာ ၁၁။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား တရားရုံးတွင် လျှောက်လဲခြင်း
ယာယီကာကွယ်ရေးအမိန့် တောင်းဆိုချက်ကို ကြားနာခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
၂၀၁၉ ဒီဇင်ဘာ ၁၂။ ၃ ရက်ကြာ ပထမဆုံးကြားနာမှု ပြီးဆုံးခြင်း။
နှစ်ဖက်လျှောက်လဲချက်များအပြီး တရားရုံးက ယာယီကာကွယ်ရေးအမိန့် တောင်းဆိုချက်အပေါ် စဉ်းစားဆုံးဖြတ်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
၃။ ယာယီကာကွယ်ရေးအမိန့်နှင့် စာဖြင့်လျှောက်လဲမှု
၂၀၂၀ ဇန်နဝါရီ ၂၃။ ရိုဟင်ဂျာများကို ယာယီ ကာကွယ်ရန် အမိန့်ချ
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ တားဆီးရန်၊ သက်သေများ ထိန်းသိမ်းရန်နှင့် လိုက်နာဆောင်ရွက်မှု အစီရင်ခံစာ တင်သွင်းရန် ICJ က အမိန့်ပေးခဲ့သည်။
၂၀၂၀ မေ ၂၂။ မြန်မာနိုင်ငံ၏ ပထမဆုံး လိုက်နာဆောင်ရွက်မှုအစီရင်ခံစာ
ICJ အမှုစာရင်းအရ ယာယီအမိန့်အပေါ် ဆောင်ရွက်ထားမှု ပထမအစီရင်ခံစာကို မေ ၂၂ ရက်ဖြင့် မှတ်တမ်းတင်ထားသည်။ မေ ၂၅ ရက် ရိုက်တာသတင်းတွင် တင်သွင်းပြီးကြောင်း ဖော်ပြခဲ့ပြီး ထိုအချိန်၌ အကြောင်းအရာအသေးစိတ်ကို အများပြည်သူသို့ မထုတ်ပြန်ထားခဲ့ပါ။
၂၀၂၁ ဇန်နဝါရီ ၂၀။ မြန်မာနိုင်ငံက ပဏာမကန့်ကွက်ချက်များ တင်သွင်းခြင်း
တရားရုံး၏ ကြားနာပိုင်ခွင့်နှင့် ဂမ်ဘီယာ၏ အမှုတင်သွင်းမှုကို လက်ခံနိုင်ခြင်းရှိ၊ မရှိ အပေါ် ပဏာမကန့်ကွက်ချက်များ တင်သွင်းခဲ့သည်။
၂၀၂၁ ဇွန် ၂၄။ အာဏာသိမ်းပြီးနောက် မြန်မာဘက် အမှုဆောင်ရွက်ရေးအဖွဲ့ ပြောင်းလဲခြင်း
စစ်အာဏာသိမ်းအဖွဲ့က ဦးဝဏ္ဏမောင်လွင်အား ဥက္ကဋ္ဌ၊ ဦးကိုကိုလှိုင်အား ဒုဥက္ကဋ္ဌအဖြစ် ပါဝင်သော ၈ ဦးပါအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
၄။ ICJ ၏ ကြားနာပိုင်ခွင့် ဆုံးဖြတ်ချက်
၂၀၂၂ ဖေဖော်ဝါရီ ၁။ NUG က ကန့်ကွက်ချက်များ ရုပ်သိမ်းလိုကြောင်း ကြေညာခြင်း။
NUG က ICJ ၏ ကြားနာပိုင်ခွင့်ကို လက်ခံပြီး ပဏာမကန့်ကွက်ချက်များ ရုပ်သိမ်းကြောင်း တရားရုံးသို့ အကြောင်းကြားထားသည်ဟု ပြောကြားခဲ့သည်။
၂၀၂၂ ဖေဖော်ဝါရီ ၂၁၊ ၂၃၊ ၂၅၊ ၂၈။ ပဏာမကန့်ကွက်ချက်များကို ကြားနာခြင်း
ဂမ်ဘီယာက အမှန်တကယ် အမှုလျှောက်ထားသူ ဟုတ် မဟုတ်၊ နှစ်နိုင်ငံအကြား ဥပဒေရေးရာ အငြင်းပွားမှု ရှိ မရှိ၊ မြန်မာ၏ ကွန်ဗင်းရှင်းပုဒ်မ VIII ဆိုင်ရာ ခြွင်းချက်နှင့် ဂမ်ဘီယာ၏ အမှုတင်ခွင့်တို့ကို ဆွေးနွေးခဲ့သည်။
၂၀၂၂ ဇူလိုင် ၂၂။ မြန်မာဘက်၏ ပဏာမကန့်ကွက်ချက်လေးခုကို ပယ်ချခြင်း
ICJ က ကွန်ဗင်းရှင်းပုဒ်မ IX အရ အမှုကို ကြားနာပိုင်ခွင့်ရှိပြီး ဂမ်ဘီယာ၏လျှောက်လွှာကို လက်ခံစစ်ဆေးနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ တိုက်ရိုက်နစ်နာသည့်နိုင်ငံ မဟုတ်သော်လည်း ကွန်ဗင်းရှင်းအဖွဲ့ဝင် ဂမ်ဘီယာက မြန်မာ၏တာဝန်ရှိမှုကို တင်ပြနိုင်ကြောင်း လက်ခံခဲ့ခြင်းဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် လူမျိုးတုံးသတ်ဖြတ်မှု ရှိ၊ မရှိအပေါ် စီရင်ချက် မဟုတ်သေးပါ။
၅။ စာဖြင့်လျှောက်လဲမှုနှင့် နိုင်ငံတကာပါဝင်မှု
၂၀၂၃ ဩဂုတ် ၂၄။ မြန်မာက စာဖြင့်တုံ့ပြန်လျှောက်လဲချက် Counter-Memorial တင်သွင်းခဲ့သည်။
၂၀၂၃ နိုဝင်ဘာ ၁၅။ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန်တို့က ပူးတွဲ၊ မော်လ်ဒိုက်က သီးခြား ဝင်ရောက်ပါဝင်ရန် တင်သွင်းခဲ့သည်။
၂၀၂၄ မေ ၂၃။ ဂမ်ဘီယာက ပြန်လည်လျှောက်လဲချက် Reply တင်သွင်းခဲ့သည်။
၂၀၂၄ ဇူလိုင် ၃။ အထက်ပါ နိုင်ငံ ၇ နိုင်ငံ၏ ဝင်ရောက်ပါဝင်မှုကို ICJ က လက်ခံခဲ့သည်။
၂၀၂၄ နိုဝင်ဘာ ၂၉။ ဒီဇင်ဘာ ၂၀ - စလိုဗေးနီးယား၊ နိုဝင်ဘာ ၂၉ - ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒီဇင်ဘာ ၁၀ - ဘယ်လ်ဂျီယံ၊ ဒီဇင်ဘာ ၁၂- အိုင်ယာလန်၊ ဒီဇင်ဘာ ၂၀ ရက်တို့တွင် ဝင်ရောက်ပါဝင်ရန် တင်သွင်းခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၃၀။ မြန်မာက ထပ်မံတုံ့ပြန်လျှောက်လဲချက် Rejoinder တင်သွင်းခဲ့သည်။
၂၀၂၅ ဇူလိုင် ၂၅။ နောက်ထပ် ၄ နိုင်ငံ၏ ဝင်ရောက်ပါဝင်မှုကို ICJ က လက်ခံခဲ့သဖြင့် စုစုပေါင်း ၁၁ နိုင်ငံ ဖြစ်လာသည်။
၆။ အမှုအနှစ်သာရ ကြားနာခြင်းမှ စီရင်ချက်ဆီသို့
၂၀၂၆ ဇန်နဝါရီ ၁၂ ကြားနာမှု စတင်ခြင်း။ ဂမ်ဘီယာဘက်က မြန်မာအာဏာပိုင်များ၏ လုပ်ရပ်များသည် ရိုဟင်ဂျာလူမျိုးစုကို ဖျက်ဆီးရန် ရည်ရွယ်ကြောင်း လျှောက်လဲခဲ့သည်။ ဤအဆင့်တွင် အမှန်တကယ်ကျူးလွန်ခဲ့သော လုပ်ရပ်များ၊ ရည်ရွယ်ချက်နှင့် နိုင်ငံတော်၏ တာဝန်ရှိမှုကို စစ်ဆေးခြင်းဖြစ်သည်။
၂၀၂၆ ဇန်နဝါရီ ၁၆။ မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ငြင်းဆိုခြင်း
မြန်မာကိုယ်စားလှယ် ဦးကိုကိုလှိုင်က ဂမ်ဘီယာသည် စွပ်စွဲချက်ကို သက်သေမပြနိုင်ကြောင်း၊ ၂၀၁၇ စစ်ဆင်ရေးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂမ်ဘီယာဘက်ကမူ အရပ်သားများအပေါ် စနစ်တကျ အကြမ်းဖက်မှုပုံစံသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ပြသကြောင်း လျှောက်လဲခဲ့သည်။
၂၀၂၆ ဇန်နဝါရီ ၂၁–၂၃။ တံခါးပိတ် သက်သေစစ်ဆေးမှုအတွက် သတ်မှတ်ထားသောရက်များ။ ဤအစည်းအဝေးများကို အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု မပြုခဲ့ပါ။ ကြားနာမှုတခုလုံးတွင် ဂမ်ဘီယာခေါ်ယူသော သက်သေ ၃ ဦးနှင့် ကျွမ်းကျင်သူတဦး၊ မြန်မာခေါ်ယူသော သက်သေတဦးကို စစ်ဆေးခဲ့ကြောင်း ICJ က အတည်ပြုထားသည်။
၂၀၂၆ ဇန်နဝါရီ ၂၇။ ဂမ်ဘီယာ၏ နောက်ဆုံးတောင်းဆိုချက်များ တင်ပြခြင်း
ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအဆုံးတွင် ဂမ်ဘီယာကိုယ်စားလှယ်က တရားရုံးအား ဆုံးဖြတ်ပေးစေလိုသည့် နောက်ဆုံးတောင်းဆိုချက်များ တင်ပြခဲ့သည်။
၂၀၂၆ ဇန်နဝါရီ ၂၉။ မြန်မာ၏ နောက်ဆုံးတောင်းဆိုချက်များနှင့် ကြားနာမှု ပြီးဆုံးခြင်း
မြန်မာဘက် နောက်ဆုံးလျှောက်လဲမှုအပြီး တရားရုံးက အမှုအပေါ် စဉ်းစားဆုံးဖြတ်သည့် deliberation အဆင့် စတင်ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၆ နိုဝင်ဘာ ၃။ စီရင်ချက်ဖတ်ကြားမည့်ရက် ကြေညာခြင်း
၂၀၂၆ နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ
ICJ တရားရုံးဥက္ကဋ္ဌ တရားသူကြီး အီဝါဆာဝါယူဂျိက စီရင်ချက် ဖတ်ကြားထုတ်ပြန်ခဲ့သည်။











