ရိုဟင်ဂျာ ၈ သိန်းကျော် ပစ်မှတ်ထားခံရပြီး ၁၀,၀၀၀ ကျော် အသတ်ခံခဲ့ရဟု ICJ စီရင်ချက်တွင် ကနဦး ဖော်ပြ

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နောက်ဆုံးအမိန့် ဖတ်ကြားရာမှာ တရားရုံးဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါက ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ဖိနှိပ်သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း ကနဦး အတည်ပြု ဖတ်ကြားသွားပါတယ်။
တရားရုံးရဲ့ တွေ့ရှိချက်အရ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၈ သိန်းကျော်ဟာ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရပြီး အဲဒီထဲက ၁၀,၀၀၀ ကျော် အသတ်ခံခဲ့ရသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခံခဲ့ရတယ်လို့ ဖတ်ကြားသွားပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးမတိုင်ခင်ကတည်းက အိမ်ထောင်ပြုခွင့်နဲ့ ကလေးမွေးဖွားခွင့်တွေပါ ကန့်သတ်ခံခဲ့ရကြောင်း တရားသူကြီးက ထောက်ပြပါတယ်။
ရိုဟင်ဂျာတွေဟာ ကိုယ်ပိုင်ဘာသာစကားနဲ့ သမိုင်းကြောင်းရှိပြီး မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကာ နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးရမဲ့ ဌာနေလူမျိုးစု ဖြစ်ပေမဲ့ မြန်မာစစ်တပ်ဟာ အမုန်းစကားတွေ ဖြန့်ဝေခဲ့သလို ကျူးလွန်မှုတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးဖို့နဲ့ တရားရုံးကို သက်သေပေးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ICJ က သုံးသပ်ထားပါတယ်။
လက်ရှိ တရားရုံးဥက္ကဋ္ဌရဲ့ စီရင်ချက် ဆက်လက်ဖတ်ကြားမှုကို တရားခွင်ထဲမှာ စစ်အုပ်စုကိုယ်စားလှယ် ဦးကိုကိုလှိုင် တက်ရောက်နားထောင်နေသလို ကမ္ဘာတဝန်းက ရိုဟင်ဂျာတွေနဲ့ ပြည်သူတွေလည်း တိုက်ရိုက် စောင့်ကြည့်နေကြပါတယ်။











