ရိုဟင်ဂျာနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေဆုံးဖြတ်ချက်အဆိုမူကြမ်းကို ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်အတည်ပြု

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုကော်မတီမှာ နိုဝင်ဘာ ၁၈ ရက်က မဲခွဲ ဆုံးဖြတ်အတည်ပြုလိုက် ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၆ မဲ ကြားနေမဲ ၃၃ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပြီး ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ ဘယ်လာရုစ်၊ တရုတ်၊ မြောက်ကိုရီးယား၊ နီကာရာဂွါ၊ ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဆုံးဖြတ်ချက်မူကြမ်းကို ကြိုဆိုပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အထောက်အကူဖြစ်စေတဲ့ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုတွေကို ဖြတ်တောက်ပိတ်ပင်ဖို့ တောင်းဆိုထားတာမျိုး မပါဝင်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ဆုံးဖြတ်ချက် အဆိုမူကြမ်းမှာ အရေးကြီးတဲ့အချက်တချို့ ကျန်ရှိနေသေးတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်။ မြန်မာနိုင်ငံတဝန်း ချက်ချင်း အပစ်အခတ် ရပ်စဲရေး၊ လေကြောင်းတိုက်ခိုက်မှုအားလုံးကို ချက်ချင်း ရပ်တန့်ရေးနဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို တိုက်ရိုက်အထောက်အပံ့ပေးနေတဲ့ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ လေယာဉ်ဆီ လွှဲပြောင်းရောင်းချမှုတွေ ရပ်စဲရေးတို့အတွက် တိုက်ရိုက်တောင်းဆိုမှု အားနည်းနေတယ်။ ကုလသမဂ္ဂက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြေပြင်မှာ ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်စေနိုင်မဲ့ ပြတ်သားထိရောက်တဲ့ အစီအမံတွေ ပါဝင်မှသာလျှင် မြန်မာနိုင်ငံနဲ့ တခြားနေရာဒေသတွေရှိ အပြစ်မဲ့အရပ်သားပြည်သူတွေကို အမှန်တကယ် အကာအကွယ်ပေးနိုင်မယ်လို့ အခိုင်အမာ ယုံကြည်တယ်”လို့ ပြောပါတယ်။
ဒီဆုံးဖြတ်ချက် အဆိုမူကြမ်းမှာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလုတဲ့ ပကတိအခြေအနေတွေကို ထင်ဟပ်စေတဲ့ အရေးကြီးတဲ့အချက်တွေ ထည့်သွင်းဖော်ပြထားတဲ့အပေါ် ကြိုဆိုတယ်၊ အထူးသဖြင့် စစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုကာ မဆင်မခြင် ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် တခြားရက်စက်ကြမ်းကြုတ်မှုတွေ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တိုးပွားလာတာနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူတွေအပေါ် ရာဇဝတ်သားသဖွယ် သတ်မှတ်အရေးယူတာ၊ အဓမ္မ တပ်သားစုဆောင်းတာနဲ့ လူသားချင်းမှုအကူအညီတွေကို ပိတ်ဆို့ တားဆီးတာတွေအပေါ် ပြင်းထန်စွာ ရှုတ်ချထားတာကို ကျေးဇူးတင်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဆုံးဖြတ်ချက် အတည်မပြုခင် ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်ကလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် နှင်ထုတ်ခံခဲ့ရတာ ဒီနှစ်ဆိုရင် ၉ နှစ် ပြည့်ပါပြီ။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှု ဘာတခုမှ မရှိသေးသလို ရိုဟင်ဂျာ တယောက်မှလည်း မြန်မာနိုင်ငံဆီ နေရပ်မပြန်နိုင်သေးပါဘူးလို့ ပြောကြားခဲ့ပြီး အခုလို အချိန်ကြာမြင့်စွာ နေရပ်စွန့်ခွာ ခိုလှုံနေရမှုတွေဟာ သူတို့နိုင်ငံရဲ့ အရင်းအမြစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ သတိပေးခဲ့ပါတယ်။
ဂမ်ဘီယာ ကိုယ်စားလှယ်ကတော့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခု ရဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေဟာ မရှိမဖြစ် အရေးပါကြောင်း အလေးပေး ပြောကြားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ဖို့ မျှော်လင့်ထားတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဂမ်ဘီယာနဲ့ မြန်မာ အမှု စီရင်ချက်ကို ထောက်ပြခဲ့ပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ကို လေးစားလိုက်နာ ထိန်းသိမ်းရမဲ့ တာဝန်ဟာ နိုင်ငံအားလုံးမှာ ရှိပါတယ်” လို့ ဂမ်ဘီယာသံအမတ်က အခိုင်အမာ ပြောပါတယ်။
ရုရှား ကိုယ်စားလှယ်ကတော့ “လက်ရှိ အကျပ်အတည်းအတွက် နေပြည်တော် အာဏာပိုင်တွေအပေါ်မှာပဲ လုံးလုံးလျားလျား အပြစ်ပုံချဖို့ ကုလသမဂ္ဂကို အသုံးချနေတဲ့ ကြိုးပမ်းမှုတွေ” ကို ပယ်ချကြောင်း ပြောကြားခဲ့ပြီး ဒီချဉ်းကပ်ပုံဟာ တဖက်သတ် ဆန်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အခု အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းအရ အထွေထွေညီလာခံအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချမှာဖြစ်သလို အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအားလုံး အနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးကြဖို့ကိုလည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။
ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့အကြား လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် လိုက်နာကျင့်သုံးမှုဆိုင်ရာ အမှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က စီရင်ချက် ချမှတ်ဖို့ တရက်အလိုမှာ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
ICJ တရားရုံးရဲ့ စီရင်ချက်ဟာ နစ်နာသူတွေအတွက် သမိုင်းဝင်မှတ်တိုင်တခုဖြစ်မှာ ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အလွန်အရေးကြီးကြောင်း၊ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူအားလုံးအတွက် စစ်မှန်တဲ့ တရားမျှတမှု ရရှိရေးနဲ့ နောင်မှာ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေရေးတို့ကို အာမခံနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ လိုအပ်တဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သံအမတ်ကြီးက တိုက်တွန်းပါတယ်။











