ICJ အမှု အမိန့်မချခင် စစ်အာဏာရှင်တပ်က စစ်ဥပဒေချုပ် ပြောင်းလဲခန့်အပ်

စစ်အာဏာရှင်တပ်ရဲ့ အရေးပါတဲ့ ရာထူးတခုဖြစ်တဲ့ စစ်ဥပဒေချုပ်ရာထူးကို အရှေ့မြောက် စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်အေးမင်းဦးကို လက်ရှိ ကာကွယ်ရေးဦးစီးချုပ်က ခန့်လိုက်ပါတယ်။
စစ်ဥပဒေချုပ်ရာထူးကို လက်ထောက်စစ်ဥပဒေချုပ် OTS ၈၅ ကျောင်းဆင်း ဗိုလ်ချုပ် အောင်ခင်သိန်းကို ကျော်ပြီး OTS ၉၄ ကျောင်းဆင်းဖြစ်တဲ့ ဗိုလ်ချုပ်အေးမင်းဦးကို နေရာပေးလိုက်တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။
“ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်ကို အရပ်ဘက်ကို ပို့ပြီးကတည်းက အဲ့နေရာကို ဗိုလ်ချုပ်အောင်ခင်သိန်းက တာဝန်ယူထားတာ၊ ရမခတိုင်းမှူးကို ပေးတယ်ဆိုတော့ မကြာခင် ဒုဗိုလ်ချုပ်ကြီး ရာထူးတိုးပေးမဲ့ အနေအထားရှိတယ်။”
တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်မှုဆိုင်ရာ ဦးဆောင်ကော်မတီမှာ စစ်ဥပဒေချုပ်က အဖွဲ့ဝင်ဖြစ်နေတာကြောင့် ဗိုလ်ချုပ်အေးမင်းဦးကို အဆိုပါရာထူး ပေးတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
နေပြည်တော်သတင်းရင်းမြစ်က “ICJ ကိစ္စက ပြီးမှာမဟုတ်တော့ စစ်ဥပဒေချုပ်နေရာကို တပ်ချုပ်က သူယုံကြည်ရမဲ့သူ၊ သူ့ကို အစအဆုံး အစီရင်ခံနိုင်မဲ့သူကို ဒီရာထူးကိုပေးတာ” လို့ ပြောပါတယ်။
အရင်က စစ်ဥပဒေချုပ်ဖြစ်ခဲ့တဲ့ DSA ၃၂ ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီးမျိုးသန်းနိုင်ကို အရပ်ဘက်ကို ပို့ဆောင်ပြီးနောက် ဗိုလ်ချုပ်အေးမင်းဦးကို ပြောင်းလဲခန့်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ စစ်ဥပဒေချုပ်ရာထူးကို ဒုဗိုလ်ချုပ်ကြီးစိုးမောင်၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့ကို ခန့်ခဲ့ပြီး အခုလက်ရှိ တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး လက်ထက်မှာ ဗိုလ်ချုပ်အေးမင်းဦးကို ခန့်အပ်တာ ဖြစ်ပါတယ်။











