ICJ တရားသူကြီးတွေရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်ဘယ်လို ထွက်ပေါ်လာသလဲ

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားသူကြီး ၁၅ ဦးက အချက် ၁၃ ချက်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အဓိက စွဲချက်အားလုံးနီးပါးအတွက် မြန်မာနိုင်ငံမှာ အပြစ်ရှိကြောင်း အများစုမဲနဲ့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မဲခွဲဆုံးဖြတ်မှု ရလဒ်အရ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာ၊ တဦးချင်း ကျူးလွန်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာနဲ့ နောက်ထပ် မဖြစ်ပွားစေရေး အာမခံချက် ပေးရမယ်ဆိုတဲ့ အချက် ၃ ချက်ကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ အတည်ပြုခဲ့ပါတယ်။
နစ်နာသူတွေကို ပြန်လည်ထူထောင် ကုစားပေးဖို့၊ လျော်ကြေးပေးဖို့နဲ့ လျော်ကြေးပမာဏကို တရားရုံးက ဆက်လက်သတ်မှတ်ပြီး မြန်မာနိုင်ငံက ၂ နှစ်အတွင်း အစီရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက် ၃ ချက်ကိုတော့ ၁၀ မဲ ၅ မဲနဲ့ အတည်ပြုခဲ့တာပါ။
ဒါ့အပြင် ကွန်ဗင်းရှင်း အပိုဒ် ၃ ပါ ကျူးလွန်မှုတွေကို အရေးယူဖို့ ပျက်ကွက်တာနဲ့ ၂၀၂၀ ပြည့်နှစ် ကြားဖြတ်အမိန့်ပါ အချက်ကို ချိုးဖောက်မှုတွေအတွက် ၁၁ မဲ ၄ မဲ၊ စစ်ဆင်ရေးတွေကို ချက်ချင်း ထိရောက်စွာ စုံစမ်းစစ်ဆေးဖို့ကို ၁၃ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့သလို၊ လိုအပ်တဲ့ ပြည်တွင်းဥပဒေတွေ ပြဋ္ဌာန်းဖို့ ပျက်ကွက်မှုနဲ့ လက်ရှိ ချိုးဖောက်နေမှုတွေ ရပ်တန့်ဖို့ကိုတော့ ၁၄ မဲ ၁ မဲနဲ့ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
တဘက်မှာတော့ လူသိရှင်ကြား တိုက်ရိုက်လှုံ့ဆော်မှု ချိုးဖောက်ခြင်း မရှိကြောင်းကို တရားသူကြီး ၁၄ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့သလို၊ ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းထားတဲ့ တခြားတောင်းဆိုချက် အားလုံးကိုတော့ တရားသူကြီး ၁၅ ဦးစလုံးက တညီတညွတ်တည်း ပယ်ချလိုက်ပါတယ်။











