ICJ ရောက် ဦးကိုကိုလှိုင်နှင့် အဖွဲ့ကိုထောက်ခံကြောင်း တပ်ထောက်ခံသူများ ဆန္ဒပြ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က အမိန့်ချမဲ့အချိန် ရန်ကုန်၊ မြို့တော်ခမ်းမရှေ့မှာ စစ်တပ်ထောက်ခံသူတွေက စစ်အာဏာရှင်သမ္မတရုံး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြတယ်။
ဒီနေ့ ညနေ ၄ နာရီ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေမှာ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးအဖွဲ့ တွေ၊ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ တရားရုံးမှာသွားရောက်နေတဲ့ ဦးကိုကိုလှိုင်နဲ့ အဖွဲ့ကို ထောက်ခံပွဲပြုလုပ်ခဲ့တာလို့ မြို့ခံတယောက်က DVB ကိုပြောပါတယ်။
"ဆန္ဒပြစားနေတဲ့ လူတွေပဲ၊ ဒီနေ့က အရင်ကထက်များတယ်။ ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို ထောက်ခံပြီး ဂမ်ဘီယာနိုင်ငံကို ရှုတ်ချကြောင်း ဆန္ဒလာပြတာ။ အင်္ဂလိပ်လိုရေးတဲ့ဗီနိုင်းကို ဇောက်ထိုးကြီးကိုင်ထားလို့ သူတို့အချင်းချင်းစကားတွေများကြသေးတယ်။”
အဆိုပါထောက်ခံပွဲကို အရင်က နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ၂ ရက်ပြုလုပ်ဖို့ စီစဥ်ထား ပေမဲ့ စစ်တပ်ကငွေထုတ်ပေတာ ရက်နောက်ကျခဲ့တာကြောင့် ဒီနေ့မှ ပြုလုပ်ရတာလို့ အမျိုးသားရေးလှုပ်ရှားသူတယောက်က DVB ကို ပြောပါတယ်။
"အရင်က ၂ ရက်လောက်ဆက်တိုက်လုပ်ဖို့ စီစဥ်ထားတာ ငွေထုတ်ပေးတဲ့သူက မနေ့ကပေးလို့ ဒီနေ့မှ အမြန်စီစဥ်ရတာ။ တပ်ထောက်ခံပွဲတွေကို အရင်ကလို ပံ့ပိုးမရှိတော့ဘူး။”
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း ICJ မှာ သွားရောက်အမှုရင်ဆိုင်ခဲ့တဲ့ ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို အားပေးထောက်ခံပွဲကို စစ်တပ်က ကျပ်သိန်းရာနဲ့ချီအကုန်ကျခံကာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချလိုက်ပါတယ်။
Photo: Sitt Naing Oo











