DVB Logo
Home
နိုင်ငံတကာ
နီပေါ-တိဘက်နယ်စပ် ရေကြီးမှု သေဆုံးသူ အယောက် ၁,၄၀၀ အထိရှိလာပြီး ၅,၈၀၀ ကျော် ပျောက်ဆုံးနေဆဲ
DVB
·
September 9, 2026
Photo: REUTERS/Athit Perawongmetha
Photo: REUTERS/Athit Perawongmetha
Donate to DVB

ပြီးခဲ့တဲ့လကုန်ပိုင်းက နီပေါ-တိဘက် နယ်စပ်မှာ ရေကြီးရေလျှံပြီး မြေပြိုခဲ့လို့ သေဆုံးသူဦးရေဟာ အယောက် ၁,၄၀၀ အထိ မြင့်တက်လာပြီး နောက်ထပ် ၅,၈၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စက်တင်ဘာ ၈ ရက်ထိ ရထားတဲ့ တရားဝင်စာရင်းဇယားတွေက ပြသခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေထဲက ၈၄၈ ယောက်က နိုင်ငံခြားသားတွေလို့ နီပေါနဲ့ တရုတ် နှစ်နိုင်ငံလုံးက တရားဝင်ကိန်းဂဏန်းတွေကို ကိုးကားပြီး အနာဒိုလူနဲ့ တက်စ်နင်မ် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

နီပေါနိုင်ငံက ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ခရိုင်တွေကနေ အလောင်း ၁,၃၅၇ လောင်းကို ပြန်ရှာတွေ့ခဲ့ပြီး နိုင်ငံခြားသား ၅၈၇ ယောက် အပါအဝင် လူ ၅,၃၂၆ ယောက် ပျောက်ဆုံးနေဆဲလို့ နီပေါနိုင်ငံရဲ့ အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အပါအဝင် လူပေါင်း ၁၃,၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီးပါပြီ။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အကြီးအကျယ် မြေပြိုလို့ သေဆုံးသူဦးရေမှာ ၄၃ ယောက်ရှိပြီး ၅၁၉ ယောက် ပျောက်ဆုံးနေဆဲပါ။

တရုတ်နိုင်ငံက အင်္ဂါနေ့မှာ နီပေါနိုင်ငံဆီ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ စတုတ္ထအသုတ်အဖြစ် ပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံက အခက်အခဲတွေကို အတူတကွကျော်လွှားဖို့ နီပေါနိုင်ငံနဲ့အတူ ခိုင်ခိုင်မာမာ ဆက်ရပ်တည်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပေကျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ နီပေါနိုင်ငံ ဒေဝီဂတ်ခရိုင်မှာ ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုထဲမှာ တရုတ်နိုင်ငံနဲ့ နီပေါ ဟိမဝန္တာနယ်စပ်က မြို့ရွာတွေကို ကပ်ဘေးသင့်စေခဲ့ပြီး နှစ်ပတ်အကြာမှာ ပျက်စီးနေတဲ့ အဆောက်အအုံတွေရဲ့ ရှေ့မှာ ရွှံ့နွံတွေနဲ့ ပြည့်နေတဲ့ အပျက်အစီးတွေကို ပြသထားပါတယ်။

ရေခဲမြစ်ရဲ့ အစိတ်အပိုင်းတခု ပြိုကျပြီးတဲ့နောက် ကြီးမားတဲ့ ရွှံ့တွေနဲ့ ကျောက်တုံးကြီးတွေ နီပေါနဲ့ တိဘက်ဒေသကြား နယ်စပ်တလျှောက်က မြစ်ထဲ ပြိုကျသွားချိန် သြဂုတ် ၂၆ ရက်မှာ ဘေးအန္တရာယ် ဖြစ်ခဲ့တာပါ။

ရေကြီးမှုကြောင့် မြို့ရွာတွေ၊ လမ်းတွေနဲ့ အဝေးပြေးလမ်းမကြီးတွေ တံတားတွေဟာ ရွှံ့နွံတွေ၊ အပျက်အစီးတွေအောက်မှာ မျောပါသွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013