နီပေါဝန်ကြီးချုပ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ဒေလီမြို့တော်၌ တွေ့ဆုံဆွေးနွေးမည်
ရက်ပ်အဆိုတော်ဘဝကနေ ဝန်ကြီးချုပ်ဖြစ်လာသူ နီပေါနိုင်ငံခေါင်းဆောင် ဘာလန်ဒရာ ရှားဟာ နိုဝင်ဘာ ၂၃ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့တွေ့ဖို့ နိုဝင်ဘာ ၂၂ ရက်မှာ အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီကို ရောက်လာပါတယ်။
မတ်လကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံး ၂ နိုင်ငံအကြား တရားဝင်ခရီးစဉ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သြဂုတ်လမှာဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကို ပြန်လည်တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံဆီကနေ အကူအညီရယူရေးကိစ္စကို ရှားက ဆွေးနွေးနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီရေဘေးကြောင့် လူ ၁,၅၀၀ လောက် သေဆုံးခဲ့ပြီး ၅,၂၀၀ ကျော် ပျောက်ဆုံးခဲ့ရတာပါ။ ဒါ့အပြင် လမ်းတွေ၊ တံတားတွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ လယ်ယာမြေတွေနဲ့ အိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
ဒီအခြေအနေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လူထုဆန္ဒပြပွဲတွေအပြီး အာဏာရလာခဲ့တဲ့ ရှားအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
ရှားနဲ့ မိုဒီတို့ဟာ ကုန်သွယ်ရေးကနေ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းအင်ကဏ္ဍအထိ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အမ်ရစ် ဘဟာဒူရာ ရိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်ဟာ ၂ ရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အိန္ဒိယသမ္မတ ဒရိုပါဒီမူရ်မူနဲ့လည်း သွားတွေ့မယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးကျေးဇူး အများဆုံးရစေမှာဖြစ်ပြီး ရှေ့အလားအလာကို မျှော်တွေးထားတဲ့၊ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတခုလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Source: Reuters











