
အိန္ဒိယနိုင်ငံတောင်ပိုင်းက Apple iPhone အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ တာတာ အီလက်ထရောနစ်စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတခုကြောင့် စာချုပ်ဝန်ထမ်း ၃ ယောက် သေဆုံးသွားခဲ့တယ်လို့ တမီလ်နာဒူးပြည်နယ်၊ စက်မှုဝန်ကြီး ဗီရူဒိုင်းမာဂယ်ကီးသနာက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
တမီလ်နာဒူးပြည်နယ်၊ ဟိုဆူးမြို့မှာရှိတဲ့ တာတာအီလက်ထရောနစ် စက်ရုံရဲ့ ဖြစ်စဉ်မှာ အဖိုးတန်အသက် ၃ ချောင်း ဆုံးရှုံးခဲ့ရတဲ့အတွက် အလွန်တရာမှ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဝန်ကြီး ကီးသနာက X လူမှုကွန်ရက်မှာ ရေးပါတယ်။
ထိခိုက်နစ်နာရတဲ့ မိသားစုတွေကို လိုအပ်တဲ့ အကူအညီမှန်သမျှ အပြည့်အဝ ပံ့ပိုးပေးဖို့နဲ့ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
“လုပ်သားတိုင်းရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အဓိကဦးစားပေးရပါမယ်။ ဒီဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီးကို အကျေအလည် စစ်ဆေးသွားမှာဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။ ဒီလိုဝမ်းနည်းစရာတွေ နောက်ထပ် မဖြစ်လာအောင်လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု အားလုံးကို မဖြစ်မနေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” လို့ အဲဒီပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။
ဟိုဆူးမြို့မှာရှိတဲ့ အဲဒီစက်ရုံရဲ့ ရေကန်တခုကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်အတွင်း အဲဒီဝန်ထမ်း ၃ ယောက်ဟာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီသေဆုံးမှုတွေဟာ နိုဝင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တာလို့ The New Indian Express သတင်းစာက ဖော်ပြပါတယ်။ တာတာ အီလက်ထရောနစ် ကုမ္ပဏီဘက်ကတော့ ရိုက်တာ သတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
Source: Reuters











