အိန္ဒိယ Meta ရုံးခန်းအပြင်ဘက် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟာရီယာနာပြည်နယ်မှာ အတိုက်အခံ ကွန်ဂရက်စ်ပါတီက တက်ကြွလှုပ်ရှားသူတွေဟာ နိုဝင်ဘာ ၂၈ ရက်မှာ Meta ရုံးခန်းတွေရဲ့ အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြလို့ ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
Meta ကုမ္ပဏီက အတိုက်အခံတွေရဲ့ အသံကို ဖိနှိပ်ချုပ်ချယ်နေတယ်လို့ စွပ်စွဲရင်း ကွန်ဂရက်စ်ပါတီ လူငယ်အဖွဲ့ဝင်တွေက Meta ရုံးခန်းတွေ အပြင်ဘက်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲခဲ့တာပါ။
Meta ကုမ္ပဏီက ဝန်ကြီးချုပ်မိုဒီရဲ့ ဘာရာတီယာ ဂျာနာတာပါတီရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ အသုံးပြုသူအရေအတွက် အများဆုံးရှိရာ ဈေးကွက်တခု ဖြစ်တဲ့ အိန္ဒိယမှာ Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်လာခဲ့ပါတယ်။
Meta ကုမ္ပဏီကတော့ အိန္ဒိယနိုင်ငံမှာ သူတို့ဟာ ဒေသတွင်း ဥပဒေတွေနဲ့အညီ အကြောင်းအရာတွေကို ကန့်သတ်ထိန်းချုပ်ထားသာ ဖြစ်တယ်လို့ ပြောပါတယ်။
ကုမ္ပဏီဘက်က ဒီဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးပေမဲ့ ကွန်ဂရက်စ်ပါတီနဲ့ လုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေး တခုမှာ နိုင်ငံရေး ပါတီအားလုံးအပေါ် ကြားနေရပ်တည်ကြောင်း အသိပေးပြောခဲ့တယ်လို့ ဒီကိစ္စရပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အတိုက်အခံပါတီ လူငယ်အဖွဲ့က Meta နဲ့ အိန္ဒိယအစိုးရတို့ကို တရားစွဲဆိုထားပါတယ်။ အကြောင်းအရာ ကန့်သတ်ချက်တွေကို အလွန်အမင်း ကျယ်ပြန့်လာစေတဲ့ စည်းမျဉ်းတခုကို ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဂူရူဂရမ်မြို့က Meta ရုံးခန်းအပြင်ဘက်မှာလုပ်တဲ့ ဆန္ဒပြပွဲမှာ ပါတီဝင်တက်ကြွလှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့က ရေပိုက်တွေနဲ့ ထိုးခဲ့ပြီး “ညစ်ပတ်တဲ့ရေတွေ စိုရွှဲခဲ့တယ်လို့ ကွန်ဂရက်စ်ပါတီ လူငယ်အဖွဲ့က X လူမှုကွန်ရက်မှာ ရေးပါတယ်။
အစိုးရက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တောင်းဆိုနေသူတွေအပေါ် အင်အားသုံး နှိမ်နင်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
ရဲတပ်ဖွဲ့က ပါတီထောက်ခံသူ တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
Source: Reuters











