ICJ တရားရုံးစီရင်ချက်ကို မဘသများက ပဲခူးမြို့တွင် ကန့်ကွက်ဆန္ဒပြ

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို နိုဝင်ဘာ ၂၉ ရက်က ပဲခူးမြို့မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။
ICJ ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားက ယာဉ်ရပ်နားဝင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ထောက်ခံသူ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဦးဝီရသူ - မစိုးရိမ်၊ အမတ်ဒိန်၊ နောင်တော်လေး (ဘိုကလေး)တို့က ဟောပြောခဲ့ပါတယ်။
စစ်တပ်ထောက်ခံသူ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဦးဝီရသူက “အိုင်စီဂျေဆုံးဖြတ်ချက်ကို လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ကန့်ကွက်ဖို့လိုတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမတိုင်မီ တအိမ်တယောက် မဖြစ်မနေ တတ်ရောက်ပေးဖို့ကိုလည်း မဲဆွယ်စည်းရုံးခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ပဲခူးမြို့ခံတယောက်က “သူတို့က မဖြစ်မနေ တယောက်တော့လာရမယ်ဆိုပြီး ပြောတယ်။ ဒါက အမျိုးဘာသာ၊ သာသနာနဲ့ ဆိုင်တယ်ပေါ့။ လူတိုင်း ဆန္ဒထွက်ပြသင့်တယ်ဆိုပြီး ပြောတယ်။ ပြောရရင် ကိုယ်တွေလည်း သိပ်တော့ သဘောမကျဘူးပေါ့။ ဒါပေမဲ့ သူဖြစ်နေလို့ကို ဆန္ဒထွက်မပြတာ” လို့ ပြောပါတယ်။
ပွဲစပြီး နာရီပိုင်းအကြာမှာ ဆန္ဒပြသူတွေက မိမိနေအိမ်ကိုပြန်ချင်ကြပေမဲ့ လူမရှိတာကြောင့် ပေးမပြန်ခဲ့ဘူးလို့ သိရပါတယ်။
ဒီကနေ့ ပဲခူးမှာပြုလုပ်တဲ့ဆန္ဒထုတ်ဖော်ပွဲမှာ လူဦးရေ ထောင်ဂဏန်းဝန်းကျင်ပါဝင်တာကို တွေ့ရ ပါတယ်။
အလားတူ ICJ နဲ့ပတ်သက်ပြီး ဆန္ဒပြပွဲကို လာမဲ့ ဒီဇင်ဘာလမှာ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့နဲ့ မြိတ်မြို့တို့မှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။











