ICJ စီရင်ချက်အပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၇၀ နီးပါး သေဆုံး

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက် ချမှတ်ပြီးနောက် ရက်သတ္တပတ်အတွင်းမှာပဲ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှု ၃ ကြိမ်မှာ လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်လာခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်အတွင်း တိုက်ခိုက်မှု ၄ ကြိမ်ကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ အလှူပွဲ ဗုံးကြဲခံရမှုမှာ လူအယောက် ၃၀ သေဆုံးခဲ့ပါတယ်။
အလားတူ မနေ့က နိုဝင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာလည်း ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်း စာသင်ကျောင်းအတွင်း မင်္ဂလာပွဲပြင်ဆင်နေတုန်း ဗုံးကြဲခံရလို့ ကလေးငယ်တွေ အပါအဝင် ၂၁ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မနေ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းနဲ့ ညပိုင်းမှာပဲ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်က မြို့သစ်ရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်တို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ လောက် ထပ်မံသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။











