မိုးဗြဲနှင့် မော်ချီးကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၂၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ DVB

ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲအနောက်ဘက်ခြမ်းတနေရာနဲ့ ကရင်နီက မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၂၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေတဲ့ မိုးဗြဲက နေရာတခုကို စစ်တပ်က လေယာဥ်၊ လက်နက်ကြီးနဲ့ တိုက်ခိုက်လို့ KG ကလေးငယ်၊ Grade 1 ကလေးငယ် အပါအဝင် ၂၁ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “လေယာဥ် ၂ ကြိမ် ပတ်ကြဲပြီး လက်နက်ကြီး တောက်လျှောက်ပစ်တာ။ ဒီလောက် ထိမယ်လို့ မထင်ထားခဲ့ဘူး။ စိတ်မချမ်းမြေ့စရာတွေကြီးပဲ။ ပျောက်နေတဲ့သူလည်း ရှိတယ်” လို့ ပြောပါတယ်။
ထိခိုက်မိသူတွေထဲ အသက်အန္တရယ် စိုးရိမ်ရသူတွေရှိသလို စာသင်ကျောင်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိပြီး စစ်တပ်ဘက်က ဒရုန်းနဲ့လည်း ဗုံးကြဲတယ်လို့ သိရပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “လူထုတွေ စုဝေးတဲ့ ကျေးရွာတွေ အစုအဝေးတွေကို ဗုံးကြဲခြင်းက War Crime မြောက်တယ်။ လူအစုအပြုံလိုက် သေဆုံးအောင် ရည်ရွယ်ချက်ရှိရှိ လှည့်ပတ်ဗုံးကြဲခြင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်တယ်။ နိုင်ငံတကာကလည်း စစ်ကောင်စီအပေါ် ဖိအားပိုပေးဖို့အတွက် တောင်းဆိုလိုပါတယ်” လို့ ပြောပါတယ်။

Photo : IEC
ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်မှာ မော်ချီးဒေသတနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ရှိနေတယ်လို့ ကနဦးသိရပြီး အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ရှုတ်ချရုံအပြင် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။











