နတ်ရေကန်နှင့် တလိုင်းတောင်လမ်းအနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၃၀ ထက်မနည်း သေဆုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်းဒေသကြီးကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ရိုးလမ်းပေါ်က နတ်ရေကန် အနီးဝန်းကျင်နဲ့ တလိုင်းတောင်လမ်း အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းတွေကိုလည်း အာရက္ခတပ်တော် (AA) က သိမ်းဆည်းရမိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
နတ်ရေကန် ဗျူဟာစခန်း တည်ရှိတဲ့ အမ်း-မကွေး၊ ပဒါန်းလမ်းပေါ်က ဂုတ်ကြီးနဲ့ ပဇီကျေးရွာ ဝန်းကျင်တွေမှာ အာရက္ခတပ်တော် (AA) ကို အင်အား ၄၀၀ သုံးပြီး ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ နိုဝင်ဘာ ၂၆ ရက် မနက်အစောပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေတာပါ။
တိုက်ပွဲမှာ စစ်အာဏာရှင်ဘက်က အယောက် ၃၀ ကျော် သေဆုံးပြီး တချို့မှာ စစ်ကြောင်းပြိုကာ ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ပဇီနဲ့ ဂုတ်ကြီးကနေ AA ရှိတဲ့ နတ်ရေကန်တောင်ဘက်ကို ထိုးစစ်တက်လာတာ။ နတ်ရေကန်ကိုက AA က ဝိုင်းထားတာကြာပြီ။ ပဇီဘက်က တကြောင်း၊ ဂုတ်ကြီးဘက်က တကြောင်း ထိုးစစ်တက်လာတာ။ စစ်ကောင်စီဘက်က အသေခံပြီးတက်တာ။ စစ်ကောင်စီဘက်က အထိနာတယ်။ သေတဲ့သူများတယ်။ AA ဘက်က ရတာ အလောင်း ၃၀ လောက်ရှိတယ်။ တခြားအလောင်းမရဘဲ သေတာတွေလည်း ရှိတယ်။ လက်နက်ခဲယမ်းတွေလည်း ရတယ်။”
အလားတူ အမ်း၊ တလိုင်းတောင်နဲ့ မကွေး၊ သဖန်ရောင် ရိုးလမ်းကြားက ငကုန်းဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က အထိနာတယ်လို့ တလိုင်းတောင်ရွာအနီးနားက ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“တလိုင်းတောင်ဘက်မှာ ကံကြိုးနဲ့ ငကုန်းလမ်းတွေမှာ တိုက်ပွဲတွေဖြစ်တာ။ ဒီရက်ပိုင်းက ငကုန်းဘက်မှာ ပိုဖြစ်တာ။ ငကုန်းဘက်မှာလည်း AA ဘက်က အသာစီးရလို့ ယာယီ အခြေကုပ်စခန်းတွေတောင် ဒီရက်ပိုင်း သိမ်းထားတာရှိတယ်။”
အမ်း-ပဒါန်း လမ်းဟောင်းပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကုန်းအနီး တိုက်ပွဲဟာ အမ်းမြို့နယ်တခုလုံးကို AA က သိမ်းခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နောက်ပိုင်း ၂၀၂၅ ခုနှစ်လယ်ပိုင်းက စပြီး စတင်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်တပ်အထိုင်ချထားတဲ့ နတ်ရေကန်ဗျူဟာကုန်းတောင် ပတ်ဝန်းကျင်ကို AA က ဝန်းရံ ပိတ်ဆို့ထားပြီး စစ်တပ်ဟာ နတ်ရေကန်ဗျူဟာကုန်းကို ထိုးဖောက်ဖို့ မကွေးဘက်ကနေ အင်အား ထောင်ချီသုံးပြီး အခုလို တိုက်ခိုက်နေတာကြောင့် ရိုးလမ်းတလျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။











