မိုးမိတ်တိုက်ပွဲအတွင်း စစ်တပ်ကဗုံးကြဲ၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မြောက်ဘက်က ကျေးရွာတွေကို စစ်အာဏာရှင်တပ်က နိုဝင်ဘာလအတွင်းမှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့သလို ကျေးရွာ ၃ ရွာက ဒေသခံတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က နို၀င်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်အာဏာရှင်တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေစဉ် အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အောက်တိုဘာ ပထမပတ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မြောက်ဘက် မဘိမ်းမြို့သွား ကားလမ်းတလျှောက်မှာ တိုက်ပွဲစတင်ခဲ့ပြီး ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းမှာ မိုးမိတ်မြို့မြောက်ဘက် ကျောက်တောင်ကျေးရွာ ဒေသအခေါ် ၇ မိုင်ကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၄၀ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ပထမပတ်မှာတော့ စစ်အာဏာရှင်တပ်ဟာ မိုးမိတ်-မဘိမ်း လမ်းတလျှောက် တပ်စွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့ပေမဲ့ မအောင်မြင်တဲ့အတွက် ပြန်ဆုတ်ခွာခဲ့ပြီး မိုးမိတ်မြို့ မြောက်ဘက် ၇ မိုင်၊ ၅ မိုင်နဲ့ ၄ မိုင် ကျေးရွာတွေမှာ တပ်စွဲခဲ့ပါတယ်။
ကျေးရွာတွေကို အဝင်အထွက် ပိတ်ပင်ပြီး တိုက်ပွဲကြား ပိတ်မိမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားတဲ့ ဒေသခံ ရွာသားတွေကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့၀င်တွေဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ၇ မိုင်ကျေးရွာမှာ ကျန်နေတဲ့ ဒေသခံတွေကို အိမ်တွေကနေ ထွက်ခွာဖို့ အမိန့်ပေးပြီး တအိမ်တက် တအိမ်ဆင်း ဒေသခံတွေပိုင်တဲ့ ဆန်၊ စားနပ်ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက် ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညနေ ၆ နာရီကနေ ၈ နာရီကြားမှာလည်း စစ်အာဏာရှင် လေယာဉ်တွေက ၇ မိုင်ကျေးရွာကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံး ပျက်စီးပြီး အရပ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာလည်း ရုရှားလုပ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ကျောက်တောင်ကျေးရွာကို ဗုံးကြဲခဲ့လို့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာလည်း ၇ မိုင်ကျေးရွာကို ထပ်မံ ဗုံးကြဲခဲ့ရာမှာ ကျေးရွာအနီးက တောင်ယာတဲတခုမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာတော့ စစ်အာဏာရှင်တပ်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်အကွာအထိ ဆုတ်ခွာခဲ့ရပြီး ဒေသခံတွေကို မြို့အဝင်အထွက် ကန့်သတ်ကာ လူသားဒိုင်းလုပ်ဖို့အတွက် စစ်ဘေးရှောင်ခွင့် မပေးဘူးလို့ သိရပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့ဟာ ရှမ်းပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်တာ၊ အစီရင်ခံစာတွေ ထုတ်ပြန်တာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတာတို့ကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
Source: ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်











