ပေါက်တောမြို့နယ်၌ စစ်တပ်က ဗုံးကြဲ၊ လသားအရွယ်ကလေး အပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပေါက်တော (ခ) ဝီရဌာနီမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို စစ်အာဏာရှင်တပ်ရဲ့ လေတပ်က နိုဝင်ဘာ ၂၂ ရက်မနက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၅ လသားအရွယ် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီမနက် ၈ နာရီ ခွဲလောက်မှာ နန်းတက်ကျွန်းကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ လသားအရွယ် ကလေးအပါအဝင် ဒေသခံတွေအစုအပြုံလိုက် ထိခိုက် သေဆုံးဒဏ်ရာသွားခဲ့တယ်လို့ ဝီရဌာနီမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
"မနက် ၈ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာဝဲပြီးတော့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့တယ်။ နန်းတက်ကျွန်းရွာ ဘုန်းကြီးကျောင်းမှာတလုံး ရွာထဲမှာတလုံးကျလို့ အစုအပြုံလိုက်ထိသွားတာ။ ၅ ယောက် သေတယ်။ သေတဲ့အထဲမှာ ၅ လ သားကလေးတယောက်ပါတယ်။ ဒဏ်ရာရသူတွေက ကနဦး ၉ ယောက်။ ဒီထက်လည်း များနိုင်သေးတယ်။"
ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး အထိနာသေဆုံးတာ များနေတဲ့အတွက် စစ်တပ်ဟာ ဝီရဌာနီမြို့နယ်ကို နေ့စဉ်ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ခက်ခဲနေကြတယ်လို့ ဝီရဌာနီမြို့နယ်က လူမှုကယ်ဆယ်ရေးကူညီဆောင်ရွက်ပေးသူ အမျိုးသားတယောက်က ပြောပါတယ်။
"စစ်ကောင်စီဘက်ကတော့ ရှုံးမဲမဲတယ်၊ ခံရတာက ဒေသခံတွေ။ တိုက်ပွဲနဲ့ နီးစပ်တဲ့ ဒေသခံတွေ အနေနဲ့ လောလောဆယ် ဘေးကင်းနိုင်မဲ့နေရာကို ပြောင်းရွှေ့သင့်တယ်။ ရခိုင်မှာတော့ နေ့စဉ် လေကြောင်း ပစ်ခတ်မှုရှိတယ်။ ဂျက်လာရင် ပုန်းနေရတာ ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ လုပ်စားရတာလည်း မလွယ်ကူဘူး။ ငါးဖမ်းရင်လည်းစစ်တပ် Navy ကပစ်တယ်။"
သေဆုံးသွားသူတွေကတော့ နန်းတက်ကျွန်းကျေးရွာက ၅ လသားအရွယ် မောင်ရန်နိုင်စိုး၊ အသက် ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အရွယ် မောင်ကျော်မင်းဌေးနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်နုချေတို့ ဖြစ်ပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၂၄ နှစ်အရွယ် မောင်စိုးစိုး၊ အသက် ၅ နှစ်အရွယ် မစိုးနွယ်ဦး၊ အသက် ၁ နှစ်အရွယ် မပိုးနွယ်ချေ၊ အသက် ၁၂ နှစ်အရွယ် မချိုသဲဝင်း၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ချိုချိုသန်း၊ အသက် ၇၅ နှစ်အရွယ် ဒေါ်စိန်စုခိုင်၊ အသက် ၄၀ အရွယ် ဦးမောင်ဇံ၊ အသက် ၉ နှစ်အရွယ် မမျိုးချစ်နွယ်နဲ့ အသက် ၇ နှစ်အရွယ် မရွှေခိုင်ဦးတို့ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာလည်း ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။











