ဗန်းမော်ကို ပြန်လည်ထိန်းချုပ်ရန် စစ်တပ်က တကျော့ပြန် အပြင်းအထန် ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နေရာတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်အာဏာရှင်တပ်က KIA ပူးပေါင်းတပ်တွေရှိရာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလလယ်လောက်ကစပြီး ဗန်းမော်ကနေ မန်ဂျယ်အသွားလမ်း ကုန်းမဟတ်-ဟန်တဲ ပတ်ဝန်းကျင်မှာ စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရေးတင်းမာနေတာ တလခန့်ရှိလာပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“အခု ကျနော်တို့ဘက်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ ရက်ပေါင်း ၃၀ လောက် ရှိလာပြီ။ ဒီနေ့ (၁၉ ရက်) မှ နည်းနည်းငြိမ်တယ်။ သူတို့က ကုန်းမဟတ်ဘက်ကို အဓိက ထိုးနေတယ်။ ဗန်းမော်ကနေ မံစီဘက်ကို သွားတဲ့လမ်းပေါ့။ အဲ့လမ်းဘက်ကို ဆက်တိုးထိုးနေတယ်။”
ဗန်းမော်ကို အင်အားပို့ဆောင်တဲ့ စစ်တပ်ရဲ့သင်္ဘောတွေ ရောက်တဲ့နောက်ပိုင်း စစ်အာဏာရှင်တပ်က ဗန်းမော်တိုက်ပွဲမှာ စစ်မျက်နှာပြင် ၃ ခုဖွင့်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေပါတယ်။
ဆင်ကုန်း၊ ညောင်ပင်သာ၊ စကခ ၂၁၊ နမ့်ဖားနဲ့ မိုးမောက်သွားလမ်း ၃ မိုင် နေရာတွေဘက်ကို စစ်တပ်ဘက်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်နေတဲ့အတွက် ဗန်းမော်မြို့ တိုက်ပွဲ ပြန်လည်ပြင်းထန်နေတာ တလခန့်ရှိလာပြီ ဖြစ်ပါတယ်။
ဗန်းမော်စစ်မျက်နှာပြင်အနှံ့ စစ်အာဏာရှင်တပ်တွေက စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်နေလို့ KIA ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ drop bomb တွေ ချတယ်၊ ဒရုန်းတွေနဲ့လည်း တိုက်တယ်။ ပြီးရင် လက်နက်ကြီးပစ်တယ်။ လေယာဉ်တွေနဲ့ ကြဲတာတွေ ရှိတယ်။ သူတို့ဘက်ကလည်း အိမ်တလုံး နှစ်လုံးလောက် သိမ်းနိုင်တာမျိုးပေါ့ နည်းနည်းချင်း အရှေ့ဘက်ကို တိုးလာနိုင်ခဲ့တဲ့ အခြေအနေတော့ ရှိတယ်၊ စစ်တပ်ဘက်က။”
စစ်အာဏာရှင်တပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို မံစီနဲ့ မိုးမောက်ဘက်ကိုပါ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ဖို့ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာ မန္တလေးဘက်ကနေ စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိလာပြီးနောက် စစ်အာဏာရှင်တပ်ဘက်က ထိုးစစ်အရှိန် မြှင့်လာတာလို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက KIA ပူးပေါင်းတပ်တွေက ဗန်းမော်နဲ့ မံစီမြို့သိမ်းတိုက်ပွဲကို တပြိုင်နက် ဆင်နွှဲခဲ့တာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီ ၈ ရက်မှာ မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဟန်န











