ဗုံး ၂ ကြိမ်ကြဲခံထားရသည့် ဗျာလစခန်းက စစ်ရှောင်များ အရေးပေါ်အကူအညီလိုနေ

စစ်အာဏာရှင်တပ်ရဲ့ ၂ ကြိမ်တိုင်တိုင် လေကြောင်းဗုံးကြဲခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးခဲ့ရတဲ့အတွက် လက်ရှိမှာ အရေးပေါ် နေထိုင်စားသောက်နိုင်ဖို့အတွက် အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေပါတယ်။
နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီလောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနဲ့ သရက်ချိုကျေးရွာကြားရှိ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့အတွက် စစ်ရှောင် ၁၂ ယောက် သေဆုံးခဲ့ရပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ခုလို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်ဘေးရှောင်တွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်ရှောင်နေအိမ်တွေဟာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒီ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်တပ်ဗုံးကြဲတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၆ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ယောက်ထက်မနည်း ရှိကာ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေအပြင် နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးခဲ့ရပါတယ်။
အဲဒီလို လူသေဆုံးမှုများတဲ့ ဗုံးကြဲမှု ၂ ကြိမ် ကြုံတွေ့ခဲ့ရတဲ့ ဗျာလ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ စစ်တပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်ကြောက်လန့်နေရပေမဲ့ သူတို့မှာ လုံခြုံမဲ့နေရာဆိုတာ မရှိပါဘူး။
ဒါကြောင့် ဗုံးကြဲခံထားရတဲ့နေရာမှာပဲ ဆက်နေနေရပြီး အရေးပေါ်နေထိုင်နေဖို့ ယာယီအမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်လို့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“စစ်ဘေးရှောင်တွေကလည်း မနေရဲကြလောက်အောင် ကြောက်နေပါတယ်။ ဒါပေမဲ့ စစ်ရှောင်တွေရဲ့ အခြေအနေက ပြေးစရာလည်း မြေမရှိ၊ စားစရာလည်း ဆန်မရှိသလို ဖြစ်နေတာပေါ့နော်။ အသုံးအဆောင်ပစ္စည်းတွေ အကုန်လုံး ပျက်သွားတာဆိုတော့ သူတို့လိုအပ်တဲ့အရာတွေကို ကူညီပေးနိုင်ဖို့က အခက်အခဲတွေရှိပါတယ်။ လတ်တလောမှာတော့ သူတို့ ယာယီရှောင်နေတဲ့ နေရာတွေမှာ ဖြစ်သလို အမိုးအကာတွေနဲ့ နေနေရတော့ ယာယီအမိုးအကာတွေလိုမယ်၊ အရေးပေါ် စားနပ်ရိက္ခာလိုမယ်၊ အိုးခွက်ပန်းကန်တွေ မီးဖိုချောင်သုံးပစ္စည်းတွေ လိုပါမယ်။ ဆေးဝါးတွေလည်း လိုပါမယ်။ နောက်တခါ ဆောင်းတွင်း အေးလာပြီဆိုတော့ အနွေးထည်နဲ့ စောင်တွေ လိုပါမယ်ဗျ။”
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအနေနဲ့ ငွေကြေးအခက်အခဲကြောင့် ပြောင်းရွှေ့ဖို့ မတတ်နိုင်တဲ့အပြင် နေအိမ်အပျက်အစီးတွေနားပဲ ယာယီ ဖြစ်သလို နေနေကြရတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတယောက်က ပြောပါတယ်။
“စစ်ရှောင်စခန်းတွေမှာ မနေရဲတော့ဘဲ နီးစပ်ရာ ဆွေမျိုးရှိတဲ့ နေရာတွေကို ပြောင်းရွှေ့လာသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့က ပိုက်ဆံမတတ်နိုင်လို့ ပြောင်းဖို့တောင် အဆင်မပြေတာတွေ အများကြီးပါ။ အဲဒီမှာပဲ ဆက်ပြီး နေထိုင်နေကြရတာပေါ့နော်။ နေအိမ်ပျက်စီးသွားတဲ့သူတွေလည်း အိမ်ပြန်မဆောက်နိုင်သေးဘူး။ အဲဒီအနီးအနားက အိမ်တွေနားမှာပဲ ယာယီကပ်နေကြပါတယ်။ ဒီမှာ စစ်ဘေးရှောင်အများစုက ကြုံရာလုပ်စားကြတယ်။ တချို့က သုံးဘီးမောင်းကြတယ်၊ တချို့ကလည်း တုတ်တုတ်မောင်းကြပါတယ်။ နောက်ထပ် ဗုံးလာကြဲမှာကို ကြောက်ပေမဲ့လည်း စားဝတ်နေရေးကြောင့် လုပ်စားရမှာပဲလေ။ အလုပ်မလုပ်ရင် စားဝတ်နေရေးက ခက်ခဲမှာကို။”
အခုလို စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်တပ်ကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဒေသခံ လူမှုပရဟိတသမားတွေက တောင်းဆိုနေကြပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေထိုင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အခုလို အစုအပြုံလိုက် သေဆုံးမှုဖြစ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်တာဝန်ရှိသူတွေကို ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကေခိုင်











