ပေါက်တောမြို့နယ်၌ စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၂၁ ရက်ညက ဗုံးကြဲလို့ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
သဝင်ချောင်းကျေးရွာကို မနေ့ညသန်းခေါင် ၁၂ နာရီ ကျော်လောက်မှာ လေတပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသား အမျိုးသမီးတယောက်နဲ့ အမျိုးသား တယောက် တို့ ဒဏ်ရာရရှိခဲ့တာလို့ ဝီရဌာနီမြို့နယ်နေ အမျိုးသားတယောက်က ပြောပါတယ်။
"ဝီရဌာနီ ငပြီကျွန်းမှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဝီရဌာနီမြို့နယ်က ကျေးရွာတွေ တောင်တန်းတွေ နေ့တိုင်းလိုလို ဗုံးကြဲခံရတယ်။ မနေ့က ညဉ့်ခါကဆိုရင်လည်း ဗုံးကြဲသံတွေကြားတယ်။ ဒီမနက် ရောက်တော့မှ သဝင်ချောင်းရွာမှာ ဗုံးကျတယ်လို့သိရတယ်။ မိန်းမတယောက် ယောက်ျား တယောက် ဒဏ်ရာရတယ်လို့သိရတယ်။"
ငပြီကျွန်းမှာလည်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီး စစ်တပ်ဘက်က ငပြီကျွန်းကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ အင်အားတွေဖြည့်ကာ အာရက္ခတပ်တော် (AA)ကို ထိုးစစ်ဆင်နေတယ်လို့ AAနဲ့ နီးစပ်သူက ပြောပါတယ်။
"ငပြီကျွန်းဖက်မှာလည်း တိုက်ပွဲကပြင်းနေတယ်။ တိုက်ပွဲမှာအထိနာရင် ရွာတွေကို ဗုံးကြဲတယ်။ စစ်ကောင်စီဘက်က Navy တွေကနေ အင်အားတွေလည်းဖြည့်တယ်။"
နိုဝင်ဘာ ၁၉ ရက်ကလည်း ဝီရဌာနီမြို့နယ်၊ ဒါးကိုင်တောင်တန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၀ ရက်ကဆိုရင် ရခိုင်ပြည်နယ်မှာ ဂျက်တိုက်လေယာဉ် ၇ စင်း ဝင်ရောက်ဝဲပျံခဲ့ပြီး မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်နဲ့ ရမ်းချောင်းအနီးတဝိုက်နဲ့ ကျောက်တော်မြို့အနီးတဝိုက်ကို မနက် ၁၀ နာ ရီခွဲကတည်းက စစ်တပ်က လေကြောင်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။











