
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောင်ဖီလာကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းကို နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်အာဏာရှင်တပ်က ပါတာမော်တာနဲ့ ဗုံးကြဲချလို့ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ချောင်းဦးဒေသခံတွေထံက သိရပါတယ်။
ဒေသခံရွာသားတယောက်က “ပါရာမော်တာ ပျံလာတာ အတိုင်းသား မြင်ရတယ်။ ဘယ်နေရာကို ကြဲချမယ်လို့တော့ မသိရဘူး။ မျက်စိတဆုံးကြည့်နေချိန်ပဲ ရွာဘုန်းကြီးကျောင်းပေါ်ကို ဗုံးသီး ၂ လုံး ကြဲချတာကို မြင်လိုက်ရတယ်။ အထိခိုက်ကတော့ ၂ ဦးရှိတယ်။ ခန့်မှန်းအသက်က ၆၀ တဦးနဲ့ အသက် ၅၀ တဦး စုစုပေါင်း ၂ ဦး ထိခိုက်တယ်။ ဘုန်းကြီးကျောင်းဆောင်လည်း ပျက်စီးတယ်”လို့ ပြောပါတယ်။
တောင်ဖီလာရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကြောင်းထိုးလာတာလည်းမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။
အဆိုပါ ရွာဦးဘုန်းတော်ကြီးကျောင်းကို ဗုံးလာရောက်ကြဲချတဲ့ ပါရာမော်တာဟာ မုံရွာနမခ အထိုင်စခန်းကနေ လာရောက်ကြဲချသွားတာလို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
ချောင်းဦးမြို့နယ်နေ PDF ရဲဘော်တယောက်က “ဒါကြီးက အတော်ကို ရုပ်ဆိုးအကြီးတန်တယ်။ သူတို့ စိတ်ထင်တဲ့ နေရာတိုင်း အခုလို ဘလိုင်းကြီး လုပ်နေလို့ကတော့ ပြည်သူသေဆုံးတာပဲ ရှိလိမ့်မယ်။ စိစစ်မှု အတော်အားနည်းတယ်လို့ ပြောရမယ်။ ပုဂ္ဂိုလ်ရေးအရ သတင်းအမှားပေးပြီး သူတို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုင်းလည်း ဒီကောင်တွေက တိုက်နေတာ။ သူတို့ အခုလိုလုပ်လေ ပြည်သူတွေကတော့ ဒီအာဏရှင်ကို မုန်းသထက်မုန်းနေကြလေပါပဲ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ကတော့ ချောင်းဦးမြို့နယ် အနောက်ခြမ်း၊ အနောက်မြောက်ခြမ်းနဲ့ အနောက် တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို မြေပြင် အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ ညတိုင်း ရမ်းသန်းပစ်ခတ်နေလို့ ဒေသခံအများစုဟာ လုံခြုံ ဘေးကင်းတဲ့နေရာတွေ ဖန်တီးပြုလုပ်ပြီး အိပ်နေကြရပါတယ်။











