
အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နေရာ ဖလံချောင်းဝကျေးရွာကို နိုဝင်ဘာ ၁၅ ရက်မှာ စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) နဲ့ နီးစပ်သူတယောက်က “အသက် ၇၀ ကျော် အဘွားတဦး သေတယ်၊ အမျိုးသား ၃ ဦး ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ ပေါင် ၅၀၀ ဗုံး ၂ လုံးပါတယ်” လို့ DVB ကို ပြောပါတယ်။
ရေးမြို့နယ်ထဲမှာရှိတဲ့ ဖလံချောင်းဝရွာကို စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီနဲ့ နိုဝင်ဘာ ၁၆ ရက် မနက် ၂ နာရီမှာ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချ တိုက်ခိုက်တာဖြစ်ပြီး လူနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့လည်း ရာမညမွန်တပ်က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်အာဏာရှင်တပ်ကို ပြန်တိုက်ခိုက်နေတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုပ်ဖျက်ရေး)အဖွဲ့က မွန်တော်လှန်ရေးတပ်တွေနဲ့ ပေါင်းစည်းစုဖွဲ့ထားတဲ့ ရာမည မွန်တပ် (RMA) ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အခုနှစ် ဇွန်လမှာပဲ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသက ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။











