ကျိုက်ထိုတွင် စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများ ယူဆောင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် KNU တပ်မဟာ (၁) နယ်မြေကို အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ဟာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာ ၂၀ ရက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမဲ့ ကျေးရွာတွေအတွင်းက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက်ကစပြီး ကျိုက်ထိုမြို့နယ် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) ထိန်းချုပ်နယ်မြေထဲကို စစ်အာဏာရှင်တပ်က အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းလှုပ်ရှားနေတဲ့ ကာလအတွင်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်အာဏာရှင်တပ်ဘက်က အထိအခိုက် အကျအဆုံးများခဲ့ပြီး စစ်ကြောင်းတွေဟာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းမှာ ဇီးပြောင်း (၅)၊ နတ်စင်နဲ့ ကျောက်ဖျာရွာဘက်ကနေ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပြည်သူတွေနေအိမ်ဆီက ရှိသမျှပစ္စည်းပေါ့။ ရေခဲသေတ္တာ၊ ဆိုလာ၊ ဆိုင်ကယ်၊ ဆန်အိတ်တွေပေါ့ အကုန်လုံး ကားတွေနဲ့ တိုက်ထုတ်သွားတယ်။ ပြီးရင် အဲဒီအိမ်ကို မီးရှို့သွားတယ်” လို့ DVB ကိုပြောပါတယ်။
စစ်ကြောင်းပြန်ဆုတ်သွားချိန်မှာတော့ ဇီးပြောင်း (၅)၊ နတ်စင်၊ ခမောက်ခွင်နဲ့ ကော်ကပ်ရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားခဲ့သလို ကျေးရွာတွေအတွင်း နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်က ကော်ကပ်ရွာအနီး နေအိမ်တွေကို မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်မှာ နတ်စင်နဲ့ ကျောက်ဖျာရွာတွေဘက်မှာ ထပ်မံမီးရှို့ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ကြောင်းထိုးမှုအတွင်း ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ကျိုက်ထိုမြို့နယ် ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဟာ တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။











