မွန်ပြည်နယ် လဝကရုံး ဝန်ထမ်း ၁ ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးက ဒုလဝကမှူး တယောက်ကို ကျပ် ၁၀ သိန်းလောက် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်က မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်မှာရှိတဲ့ ပြည်နယ်လဝကရုံးက ဒုလဝကမှူး မိုးဆက်နိုင် (ခ) ဖိုးသားရဲ့ နေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေက သက်သေတွေနဲ့အတူ ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးရာမှာ မိုးဆက်နိုင် (ခ) ဖိုးသားရဲ့ နေအိမ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “နေအိမ်ကို ဝင်စစ်တဲ့အချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြားနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ ပစ္စည်းတွေကိုပါ တွေ့ပြီး သိမ်းဆည်းရမိတာပါ” လို့ ပြောပါတယ်။
စစ်ဆေးမေးမြန်းချက်တွေအရ မိုးဆက်နိုင် (ခ) ဖိုးသားဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်းရွာအပြင် စေတီအနီးလမ်းမပေါ်မှာ အသက် ၃၅ နှစ်အရွယ် ကရင်တိုင်းရင်းသား တယောက်ထံက စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ကို တပြား ကျပ် ၁,၀၀၀ နှုန်းနဲ့ စုစုပေါင်း ကျပ် ၁၀ သိန်းဖိုး ဝယ်ယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
လက်ရှိမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ လက်ဝယ်တွေ့ရှိခဲ့တဲ့ မိုးဆက်နိုင် (ခ) ဖိုးသားကို မော်လမြိုင်မြို့မရဲစခန်းမှာ မယ (ပ) ၄၅/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၀(က) တို့နဲ့ အမှုဖွင့်အရေးယူပါတယ်။











