
မွန်ပြည်နယ်မှာ စူပါအယ်နီညို ပြင်းထန်တဲ့ရာသီဥတုကာလအတွက် အပူရှောင်စခန်းတွေ ဖွင့်လှစ် ထားပေမဲ့ လာရောက်အပူရှောင်သူမရှိသလောက်နည်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရကတော့ မွန်ပြည်နယ်မှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေများနေတဲ့အတွက် မြို့နယ် ၁၀ ခုမှာ အပူရှောင်စခန်း ၁၄၈ ခုဖွင့်လှစ်ထားတာဖြစ်ပါတယ်။
အဲ့ဒီအပူရှောင် စခန်းတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးငယ်တွေ အတွက် ပြင်ဆင်ထားပေးပေမဲ့ အပူရှောင်စခန်းတွေမှာ လာနေသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့မှာလည်း အပူရှောင်စခန်းတခုဖွင့်လှစ်ထားပေမဲ့ လူသိနည်းတဲ့အတွက် လာနေသူမရှိဘူးလို့ သထုံမြို့ခံတယောက်က ပြောပြပါတယ်။
“အပူရှောင်စခန်းနံပတ် ၁ ကတော့ အစိုးရက ဖွင့်ထားတယ်၊ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ သာသနာ့ဗိမ္မာန်မှာ ဖွင့်ထားတာရှိတယ်၊ စခန်းက လက်ရှိတော့ တခုထဲဖွင့်ထားတယ်၊ စခန်းက အခု လက်ရှိတော့ တခုပဲဖွင့်ထားသေးတယ်၊ လာတဲ့သူကတော့ သိပ်မရှိဘူး၊ ဘာကြောင့် မလာကြ သလဲဆိုတော့ ဘယ်လိုပြောမလဲ မသိတာတွေပါမှာပေါ့၊ လှုံဆော်မှု ဆော်ဩမှုလည်းနည်းတော့ မသိလို့မလာတာတွေဖြစ်မယ်။ နောက်ပြီး ကျနော် တို့ဆီမှာကလည်း ပူလိုက်အေးလိုက်ဖြစ်နေတော့ သိပ်ပြီးတော့ မလာကြတာပေါ့။ ညဘက်လည်း မီးမလာရင်တော့ ဘယ်လိုလုပ်အိပ်လို့ရမလဲ ပူလိုက်တာမှ လက်ကုန်ပဲ။ ကျနော်တို့ လူငယ်တွေတောင် ပူတယ်ဆို လူကြီးပိုင်းတွေဆိုရင်တော့ မစဉ်းစားနဲ့တော့။”
သထုံမြို့မှာ အပူရှိန်ကြောင့် ကလေးငယ်တွေ မကြာခဏ အပူလွန်ဖျားတာတွေ ဖြစ်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ပေးနေရတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့တွေက ပြောပါတယ်။
အခုလို အပူချိန်မြင့်တက်လာတဲ့ကာလမှာ အပူဒဏ်ကြောင့် ခေါင်းမူးတာ၊ ရေဓာတ် ခမ်းခြောက်တာ တွေ ဖြစ်စေနိုင်ပြီး နောက်ဆုံးအပူရှပ်သေဆုံးတာတွေလို့ ဂရုစိုက်နေထိုင်ကြဖို့ ဆရာဝန်တွေက ပြောပါတယ်။
ဒါကြောင့် အပူရှပ်တဲ့ လက္ခဏာပြတဲ့သူတွေဟာ အရေးပေါ် အခြေအနေဖြစ်ပြီး သူတို့ကို ဆေးရုံကို ရောက်အောင် ပို့ဆောင်သင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တယောက်က ပြောပြပါတယ်။
အထွေထွေဆရာဝန် ဒေါက်တာရှိန်းထက် “Heat stroke ခံစားနေရပြီး သတိလစ်နေတဲ့သူတွေ သတိမကောင်းတဲ့သူတွေကို ဓာတ်ဆားရေအတင်းတိုက်တာ ရေတိုက်တာတွေ ဆေးတွေ အတင်း တိုက်တာတွေ မလုပ်ရဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ရေတွေအတင်းတိုက်တာကြောင့်မလို့ အသက်ရှူလမ်းကြောင်း ပိတ်သွားတာမျိုးလဲ ဖြစ်နိုင်တယ်ပေါ့နော်၊။ အဲ့တာကြောင့်မလို့ ကိုယ်လုပ်မှပိုဆိုးသွားနိုင်တဲ့ အတွက်ကြောင့်မလို့ ၊ Heat stroke က အရေးပေါ် အခြေအနေဆိုတာ ကိုယ်က သိရမယ်၊ Heat stroke ခံစားရတာနဲ့ အရေးပေါ် အခြေအနေလို့ သိပြီးတော့ သူ့ကိုယ် ချက်ချင်း အေးအောင် လုပ်ပေးဖို့လိုတယ်၊ ဆေးရုံချက်ချင်းပို့ပေးဖို့လိုတယ်ဆိုတာ အရေးကြီး ပါတယ်”လို့ ပြောပါတယ်။
အပူဒဏ်ကြောင့် အသက်အန္တရာယ်များတဲ့သူတွေက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်တဲ့အတွက် အဲ့ဒီလူတွေအနေနဲ့ ပိုပြီး ဂရုစိုက်နေထိုင်သင့်တယ်လို့ လည်း ဆရာဝန်တွေက အကြံပေးကြပါတယ်။
မွန်ပြည်နယ်မှာ အောက်တိုဘာလအတွင်း အယ်နီညိုကြောင့် အပူရှပ်သေဆုံးသူ ၃ ယောက် ရှိလာပြီလို့လည်း ပြည်နယ်ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သထုံမြို့နယ်မှာ ဆိုင်ကယ်စီးရင်းသေဆုံးသွားတဲ့ အမျိုးသမီး ၁ ယောက်၊ မော်လမြိုင်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်တဲ့ အမျိုးသားတယောက်တို့ သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီကလည်း မုဒုံမြို့နယ် မီတာ ၄၀၀ အားကစားကွင်းမှာ ဘောလုံးကစားတဲ့ အားကစားသမားတယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို အပူချိန်မြင့်တာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်ခံ မွန်ပြည်နယ်အစိုးရအနေနဲ့ အသိပညာပေးတဲ့ အစီအစဉ်တွေလုပ်ဆောင်ပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“လောလောဆယ်တော့ ဒီ ၃ ယောက်ဘဲရှိသေးတယ်ပေါ့နော်၊ တခြားမြို့နယ်တွေဘက်မှာလည်း သတိလစ်ပြီး လဲကျတာတွေ ဘာတွေလည်းကြားရတယ်ပေါ့နော်၊ သေတဲ့ထိတော့ သတင်းမကြား ရသေးဘူးပေါ့နော် ဒါပေမဲ့ အခုချိန်ကတော့၊ အွန်လိုင်းပေါ်မှာ တက်နေတဲ့ သတင်းတွေကို အတည်ပြုဖို့တော့ ညီမတို့အနေနဲ့ ခက်ခဲပါသေးတယ်၊ အခုလက်တလော ဒီမြို့နယ်တွေမှာတော့ အပူချိန်နဲ့ပတ်သက်ပြီး အသိပညာပေးတာတို့၊ ဟောပြောပွဲလုပ်တာတို့ လက်ကမ်း စာစောင် ဝေတာတို့ လိုက်ဝေတာတွေရှိသေးတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၂၀ ရက်အတွင်း သထုံ၊ မော်လမြိုင်၊ တောင်ငူ၊ ကျောက်တံတား၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမှာလည်း အပူရှိန်ကြောင့် အမျိုးသား၊ အမျိုးသမီး ၅ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဆေးရုံတင်ထားရပါတယ်။
သီရိ











