
မွန်ပြည်နယ်မှာ အောက်တိုဘာ ၇ ရက်ကနေ ၁၉ ရက်အတွင်း အပူရှိန်ကြောင့် သတိလစ်လဲကျ သေဆုံးသူ ၃ ယောက် ရှိပြီး အပူရှောင်စခန်း ၁၄၈ ခု ဖွင့်လှစ်ထားတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီက မုဒုံမြို့နယ် မီတာ ၄၀၀ အားကစားကွင်းမှာ မြို့မ (၁) အသင်းနဲ့ ကွမ်လှာအသင်း ကစားနေစဉ် လူစားလဲ အနားယူနေတဲ့ အားကစားသမား တယောက် သတိလစ် လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ဘောလုံးကန်နေရင်း ဖြစ်တာမဟုတ်ဘူး။ လူစားလဲပြီး နားနေတဲ့အချိန် ဖြစ်တာ။ သူက မောလို့ဆိုပြီး ကွင်းဘးနားမှာ ထိုင်နေတဲ့အချိန် လဲကျသွားတာ။ ကြက်ခြေနီတွေရော ပရဟိတအသင်းတွေရော ရောက်လာပြီးကုသေးတယ်။ မရလို့ ဆေးရုံပို့တယ်။ ဆေးရုံမှာ သေသွားတာဗျာ။ ကျနော် ထင်တာက နေပူရှိန်ကြောင့် အပူရှပ်ပြီးသေသွားတာ ဖြစ်မယ်။”
သေဆုံးသူမှာ မြို့မ ၁ ရပ်ကွက်က ကိုသားကြီး ဖြစ်ပါတယ်။ လက်ရှိ မွန်ပြည်နယ်မှာ အောက်တိုဘာ ၇ ရက်မှ ၂၀ ရက်အတွင်း သထုံ၊ မော်လမြိုင်နဲ့ မုဒုံမြိုနယ်မှာ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်တို့ နေအပူရှိန်ကြောင့် လဲကျသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ကျမတို့ဆီ တက်လာတဲ့စာရင်းအရဆိုရင် သထုံမှာ ဆိုင်ကယ်စီးရင်း လဲကျသေသွားတဲ့ ကောင်မလေးရယ်၊ မော်လမြိုင်မှာ ပန်းရန်လုပ်ရင်း သေဆုံးသွားတဲ့ ပန်းရန်ဆရာတယောက်ရယ်၊ မနေ့က မုဒုံမီတာ ၄၀၀ ကွင်းမှာ သေသွားတဲ့ ဘောလုံးသမားတယောက်ရယ်၊ အဲဒီ ၃ ယောက်ပဲ ရှိသေးတယ်။ တခြားမြို့နယ်တွေမှာ သတိလစ်လဲကျတာတွေ ရှိတယ်။ သေတဲ့အထိတော့ သတင်းမကြားရသေးဘူး။ အွန်လိုင်းပေါ်မှာတက်နေတဲ့ သတင်းတွေကျတော့ အတည်ပြုဖို့ ခက်တယ်။”
လက်ရှိ မွန်ပြည်နယ်ရှိ မြို့နယ်တွေမှာ အယ်လ်နီညိုရာသီဥတု ကြောင့်ဖြစ်ပေါ်လာတဲ့ အပူဒဏ် ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာက အသိပညာပေးဟောပြောပွဲတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပါတယ်။
သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးငယ်တွေအတွက်လည်း မြို့နယ် ၁၀ မြို့နယ်မှာ အပူရှောင်စခန်း ၁၄၈ ခုဖွင့်လှစ်ထားပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၂၀ ရက်အတွင်း သထုံ၊ မော်လမြိုင်၊ တောင်ငူ၊ ကျောက်တံတား၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာမှာလည်း အပူရှိန်ကြောင့် အမျိုးသား၊ အမျိုးသမီး ၅ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဆေးရုံတင်ထားရပါတယ်။











