
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နားကနေ ဖြတ်ကျော်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီး လက်ရှိမှာ ပဲခူးတိုင်း၊ ဖြူးမြို့ရဲ့ တောင်ဘက်နားကနေ ဆက်လက်ဖြတ်ကျော်နေတယ်လို့ မိုးလေဝသဌာနက စက်တင်ဘာ ၂၉ ရက် ဒီမနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို ဖြတ်ကျော်နေလို့ အညိုရောင်အဆင့်သတ်မှတ်ထားပြီး မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဖြူးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၃၀ လောက်၊ တောင်ငူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ လောက်အကွာကို ဗဟိုပြုနေပြီး အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကို ၃၅ မိုင်နှုန်းလောက် ဖြစ်ပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ပါတယ်။
မုန်တိုင်းဖြတ်ကျော်သွားတာကြောင့် မုဒုံ၊ သံဖြူဇရပ် အပါအဝင် မွန်ပြည်နယ်အတွင်းက မြို့တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကျ နေအိမ်နဲ့ အဆောက်အအုံတွေ၊ စေတီဘုရားတွေ ထိခိုက် ပျက်စီးသွားပါတယ်။
မုန်တိုင်း အရှိန်ကြောင့် ဒီမနက်ကနေ အောက်တိုဘာ ၁ ရက်နေ့အတွင်း ပြည်နယ်နဲ့တိုင်း အားလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဒီညနေအထိကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျဲကျဲမိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကလွဲလို့ တနိုင်ငံလုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်ရွေ့လျားရာတလျှောက်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်သလို မိုးသက်လေပြင်းကျတဲ့အချိန် ရေပြင် မြေပြင်လေဟာ တနာရီကို မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၁ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။










