
မုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၁ ရက် ဒီနေ့ကနေ့ ၃ ရက်နေ့အတွင်း တနိုင်ငံလုံးမှာ မိုးသည်းသည်းထန်ထန်ရွာတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက နိုဝင်ဘာ ၁ ရက် ဒီမနက်မှာ ထုတ်ပြန်သတိပေးပါတယ်။
ဒီမနက်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ဆက်စပ်တဲ့ ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းတို့မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀၅ မိုင်လောက်မှာရှိနေပြီး နောက် ၁၂ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း၊ နိုဝင်ဘာ ၂ ရက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ဒီမနက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ၊ ကျန် တိုင်းနဲ့ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
မိုးသည်းသည်းထန်ထန် ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ နှိုးဆော်ထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျရောက်ပြီး ရေပြင်မြေပြင်လေဟာ တနာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။











