
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အောက်တိုဘာ ၁၃ ရက်နေ့ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက အောက်တိုဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီမနက် ၉ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ထုတ်ပြန်တာဖြစ်ပြီး မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာတော့ ဒီမွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်ကနေ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးတော့ အောက်တိုဘာလ ဒုတိယ ၁၀ ရက်ပတ်အတွက် ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှာတော့ ရွာသွန်းမြဲအောက် လျော့နည်းနိုင်သလို မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့ ရွာသွန်းမြဲလောက်ပဲ ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ ၁၀ ရက်အတွင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ၁ ရက်ကနေ ၄ ရက်လောက်မိုးရွာနိုင်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ၅ ရက်ကနေ ၈ ရက်လောက် ရွာနိုင်တယ်လို့ ဆိုပါတယ်။











