
လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ကနေ ၃ ရက်အတွင်း မိုးရွာမယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၇ နာရီအချိန်ထုတ်ပြန်တာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီ အတွင်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်၊ နိုဝင်ဘာ ၁၅ ရက်မှာ မုန်တိုင်းငယ်၊ ၁၆ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်နိုင်တယ် လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ဒီမနက်ကနေ နိုဝင်ဘာ ၁၇ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရုံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေလောက်အထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာတာနဲ့အတူ လေပြင်း တိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ် နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့လည်း ထုတ်ပြန်ထားပါတယ်။











