
ညောင်ဦးမြို့နားကဖြတ်ကျော်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီး စက်တင်ဘာ ၂၀ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မတူပီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက်မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသဌာနက ဒီမနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်ပြီး အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
သူ့ရဲ့အရှိန်ကြောင့် ဒီမနက်ကနေ အောက်တိုဘာ ၁ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်သလို မိုးသက်လေပြင်းကျတဲ့အချိန် ရေပြင်မြေပြင်လေဟာ တနာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။










