
ရေနံချောင်းမြို့နဲ့ ကျောက်ပန်းတောင်းမြို့ကြားကနေ ဖြတ်ကျော်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ညောင်ဦးမြို့ရဲ့ အနောက်ဘက်ကနေ ဆက်လက်ဖြတ်ကျော်နေတယ်လို့ မိုးလေဝသဌာနက ည ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းဟာ ညောင်ဦးမြို့ရဲ့ အနောက်ဘက် ၁၅ မိုင်လောက်၊ ပေါက်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ လောက်ကို ဗဟိုပြုနေပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နေတာကြောင့် အညိုရောင်အဆင့် သတ်မှတ်ထားပါတယ်။
တိုင်းထွာတဲ့အချိန်က အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီကို မိုင် ၃၀ နှုန်းလောက်ဖြစ်ပြီး နောက် ၁၂ နာရီအတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်ပြီးနောက် အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ဒီညကနေ အောက်တိုဘာ ၁ ရက်နေ့အတွင်း ပြည်နယ်နဲ့တိုင်း အားလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှဦ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတာတွေဖြစ်နိုင်လို့ ကြိုသတိပြုကြဖို့လည်း ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်သလို မိုးသက်လေပြင်းကျတဲ့အချိန် ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၁ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။










