
အယ်လ်နီညိုဖြစ်စဉ်ဟာ အရင်က မကြုံဘူးလောက်အောင် ပြင်းထန်နိုင်ပြီး လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း မှတ်တမ်းတင်ထားသမျှထက် ကျော်လွန်သွားနိုင်တယ်လို့ ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီ (WMO) အကြီးအကဲက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ဒေသတချို့မှာ အပူလှိုင်းတွေ ဝင်လာစေနိုင်ပြီး မိုးရွာသွန်းမှုပုံစံတွေကို ပြောင်းစေသလို ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး တခြားဒေသတွေမှာ ရေကြီးရေလျှံစေနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ အတွင်းရေးမှူးချုပ် ဆယ်လက်စ်တီ ဆော်လိုက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ရာသီအလိုက် ခန့်မှန်းချက် အစီရင်ခံစာသစ်မှာ အယ်လ်နီညို ဖြစ်စဉ်က အလွန်ပြင်းထန်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းဒေသက ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် ပျမ်းမျှ ၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ်လောက် မြင့်တက်လာနိုင်ပြီး ၂၀၂၆ ခုနှစ် ဒီဇင်ဘာလဝန်းကျင်မှာ အမြင့်ဆုံးအခြေအနေထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“ကျမတို့ရဲ့ မှတ်တမ်းတွေမှာ ၃ ဒသမ ၈ ဆိုတဲ့ ပမာဏမျိုး မတွေ့ဖူးသေးပါဘူး။ အရင်က အလွန်ပြင်းထန်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ် တချို့တုန်းက ၃ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ ရှိခဲ့ဖူးပြီး ကမ္ဘာတဝန်းမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုကတော့ အဲဒီအခြေအနေထက် ကျော်လွန်သွားပါပြီ” လို့ ဆော်လိုက ပြောပါတယ်။
အယ်လ်နီညိုနဲ့ ဆက်စပ်နေတဲ့ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေဟာ နေအိမ်၊ ရေရရှိရေး၊ သန့်ရှင်းရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍတွေအပေါ် ဖိအားတွေ ပိုဆိုးရွားလာစေနိုင်ပါတယ်။
နိုဝင်ဘာလကစပြီး တောင်ပိုင်းအာဖရိကမှာ ရေကြီးမဲ့ ဘေးအန္တရာယ်တွေ မြင့်တက်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အရှေ့တောင်အာရှမှာ ပိုပူတဲ့ အခြေအနေတွေနဲ့ မိုးရွာသွန်းမှု နည်းပါးခြင်းဟာ စိုက်ပျိုးရေးနဲ့ ရေပေးဝေမှုကို ထိခိုက်စေနိုင်ပြီး လက်တင်အမေရိကမှာ မိုးပိုများနိုင်တယ်လို့ WMO က ပြောပါတယ်။
လူသားချင်းစာနာမှုနဲ့ အရေးပေါ်သက်သာချောင်ချိရေး ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တွမ်ဖလက်ချာက “ကျနော်တို့ အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းကြဖို့ လိုအပ်နေပါပြီ။ ဒီ အယ်လ်နီညိုဖြစ်စဉ်က အလွန်ကြီးမားပြင်းထန်ပြီး အကြီးအကျယ် ဖျက်ဆီးတတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဒါဟာ လက်တင်အမေရိက၊ အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ဒေသတွေတလျှောက် ဖြတ်သန်းသွားတဲ့အခါ ပြင်းထန်တဲ့ အပူဒဏ်၊ မိုးခေါင်ရေရှားမှုနဲ့ ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်” လို့ သတိပေး ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ သူက သတိပေးရင်း လူဦးရေ သန်း ၅၀ လောက်က ပိုဆိုးရွားလာမဲ့ အစာရေစာ ရှားပါးမှုဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့လည်းသူက ပြောပါတယ်။
Source: Reuters











