
ရေနံကို မှီခိုနေရတာက ရာသီဥတုနဲ့ စီးပွားရေးအတွက် ဆိုးရွားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရတွေ ဒုက္ခတွေ့နေချိန်မှာ ရေနံကုမ္ပဏီတွေက ဒေါ်လာဘီလီယံချီ ရနေတယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 31 ကို တူရကီနိုင်ငံမှာ ကျင်းပနေပြီး ရုပ်ကြွင်းလောင်စာဆိုးကျိုးတွေကို ဂူတာရက်စ်က ပြောခဲ့တာပါ။
COP 31 ကို တူရကီနိုင်ငံမှာ နိုဝင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ၂ ပတ်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ဒီညီလာခံမှာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု အကျိုးသက်ရောက်ပုံတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။
ကမ္ဘာကြီးဟာ စက်မှုခေတ်ကထက် အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲစီးယပ်စ် အကျော်ကို ရောက်ရှိလာပြီး ပိုပြီးပူနွေးလာပါတယ်လို့ ကုလက ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ထားပါတယ်။
ရုပ်ကြွင်းလောင်စာအသုံးပြုမှုကြောင့် ကမ္ဘာကြီး ပူနွေးလာသလို ကမ္ဘာ့စီးပွားရေးမှာလည်း ရေနံဈေးက အဓိက ကျနေပါတယ်။
“ရုပ်ကြွင်းလောင်စာတွေက ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေရုံသာမကဘဲ စီးပွားရေးမှာပါ ထိခိုက်မှုတွေ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်း ပြဿနာကြောင့် မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေက ထိခိုက်မှုတွေ ရှိနေပါတယ်။ အဲဒီအချိန် ရေနံကုမ္ပဏီ ၉ ခုက ၃ လအတွင်း ဒေါ်လာ ၉၅ ဘီလီယံကျော် ရရှိခဲ့ပါတယ်။ ဒါဟာ တရက်ကို ဒေါ်လာ ၁ ဘီလီယံကျော် ရရှိတာဖြစ်ပါတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်အသုံးပြုဖို့ COP31 အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ တူရကီနိုင်ငံက တိုက်တွန်းခဲ့ပါတယ်။
လျှပ်စစ်အသုံးပြုခြင်းဟာ ကာဗွန်ထုတ်လွှတ်မှုကို အနည်းအကျည်းသာ ဖြတ်တောက်နိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမဲ့ ဆွေးနွေးပွဲမှာ နောက်ဆုံး သဘောတူမှု ရခဲ့တာပါ။
တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဆွေးနွေးပွဲတွေ မကျင်းပမီ ၂ ပတ်အလိုက အစိုးရတွေဟာ ၂၀၃၅ ခုနှစ် ကမ္ဘာ့စီးပွားရေးမှာ လျှပ်စစ်အား ၃၅ ရာခိုင်နှုန်း အသုံးပြုဖို့ ကတိကို လက်မှတ်ထိုးဖို့ ဆန္ဒရှိတယ်လို့ တူရကီက ကြေညာခဲ့ဖူးပါတယ်။
ကမ္ဘာကြီးမှာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ရုပ်ကြွင်းလောင်စာ အသုံးပြုတဲ့ ယာဉ်တွေ၊ ချက်ပြုတ်တဲ့ မီးဖိုတွေ၊ မီးအားပေးတဲ့ နေရာတွေ၊ ဘွိုင်လာ စတာတွေကို ပြောင်းလဲအသုံးပြုဖို့ ပစ်မှတ်ထားနေတာပါ။
ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုအရေး လှုပ်ရှားသူတွေက ထပ်တိုးလျှပ်စစ်စွမ်းအင်တွေဟာ ကာဗွန်ထွက်ရှိမှု နည်းပါးတဲ့နည်းကပဲ ရရှိတာဖြစ်လို့ ဒီအဆိုပြုချက် မလိုအပ်ဘူးလို့လည်း ဝေဖန်ထားပါတယ်။
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 31 တူရကီနိုင်ငံမှာ ပြုလုပ်နေချိန်မှာပဲ တူရကီနိုင်ငံရဲ့ တောင်တွေမှာ ရေနံရှာတွေ့တယ်ဆိုတဲ့ သတင်းထွက်နေပြီး သမ္မတက ကြိုဆိုကြောင်း ပြောထားပါတယ်။
Source: Reuters











